မေ့ကျန်ခဲ့သည့်အိုင်ဖုန်း ပြန်ရွေးရန် ငွေညှစ်တောင်းခံခဲ့သည့် ယာဉ်မောင်းအား ရဲဖမ်းဆီး
17 Aug 2017 1,349 Views

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ သုံးဘီးအငှားကားတစီးပေါ် အိုင်ဖုန်းတလုံး မေ့ကျန်ခဲ့တဲ့ မြန်မာအမျိုးသမီးကို ဖုန်းပြန်ရွေးဖို့ ငွေညှစ်တောင်းခံခဲ့တဲ့ ယာဉ်မောင်းကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် မခိုင်မွန်ဦးလို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ သူ့ရဲ့ အိုင်ဖုန်း 6 Plus အမျိုးအစား ဖုန်းတလုံး ကားပေါ်မေ့ကျန်ခဲ့ကြောင်း ပြောကာ ရဲတွေကို အကူအညီ တောင်းခံခဲ့တာပါ။
မေ့ကျန်ခဲ့တဲ့ သူ့ရဲ့ဖုန်းကို အကြိမ် ၂၀ ကျော်လောက် ခေါ်ဆိုခဲ့ပြီးနောက် ဖုန်းပြန်ဖြေမှုတခုကို ရခဲ့ပြီး ဖုန်းလက်ဝယ်ရှိသူက သူ့ကို ဘတ်ငွေ ၅၀၀၀ ပေးရင် ဖုန်းပြန်ပေးမယ်ဆိုပြီး အမျိုးသမီးဆီက တောင်းဆိုခဲ့တာပါ။ မခိုင်မွန်ဦးဟာ ဘန်ခွန်ထီယန်ခရိုင်ရဲတွေရဲ့ အကူအညီနဲ့ အဲဒီယာဉ်မောင်း အမျိုးသားကို ဘန်ဘွန်ခရိုင်တွင်းက တက်စကိုလော့တ်တပ်စ်ကုန်တိုက်ဆီ ချိန်းဆိုပြီး သူ့ဆီ ဖျားယောင်းခေါ်ဆောင်ခဲ့ချိန်မှာ ရဲတွေက အသင့်စောင့်နေခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အသက် ၅၉ နှစ်အရွယ် ယီအန်း ဘွန်ဆီရိ အမည်ရတဲ့ ယာဉ်မောင်းကို ဖမ်းဆီးထားပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ ဒေးလီးနယူးစ်သတင်းမှာ သြဂုတ် ၁၅ ရက်နေ့က ဖော်ပြပါတယ်။
Credit : burmese.dvb.no