အကျင့်ပျက် YBS ယာဉ်မောင်းအား ရာသက်ပန်ထုတ်ပယ်၊ တာဝန်ပေါ့ဝန်ထမ်းများအားအရေးယူ
19 Aug 2017 2,047 Views
YBS ယာဉ်လိုင်းအမှတ် ၂၀ မှ ယာဉ်မောင်းဖြစ်သူသည် ယာဉ်စီးခများကို အလွဲသုံးစားလုပ်ခြင်း၊ သက်တမ်းလွန်လိုင်စင်နှင့် ယာဉ်မောင်းနှင်ခြင်းတို့ကြောင့် ကုမ္ပဏီမှ ရာသက်ပန်ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Omni Focus General Service Public Co.Ltd မှ တာဝန်ယူပြေးဆွဲနေသော YBS ယာဉ်လိုင်းအမှတ် ၂၀ ၏ ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးသန်းလွင်ဦး လိုင်စင်အမှတ် င/၀၀၆၀၆/၁ သည် သြဂုတ်လ ၁၈ ရက်နေ့၌ ယာဉ်အမှတ် 4N/6110 ကို မောင်းနှင်စဉ် ခရီးသည်များအား ယာဉ်စီးခကို ငွေထည့်ပုံးထဲသို့ မထည့်ခိုင်းပဲ ကိုယ်တိုင်ကောက်ယူကာ အလွဲသုံးစားလုပ်ခဲ့မှုကို ခရီးသွားပြည်သူတစ်ဦး၏ တိုင်ကြားချက်ကြောင့် မော်တော်ယာဉ်ရှိ စီစီတီဗီမှတ်တမ်းကို ပြန်လည် စစ်ဆေးကြည့်ရာ မှန်ကန်နေကြောင်း တွေ့ရှိရသည့်အတွက် ကုမ္ပဏီမှ ရာသက်ပန်ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ယာဉ်မောင်းလိုင်စင်ကို စစ်ဆေးရာ ဇူလိုင်လ ၁၀ ရက်နေ့ထဲက သက်တမ်းကုန်ဆုံးနေခဲ့ပြီး အဆိုပါ သက်တမ်းလွန်လိုင်စင်ဖြင့် ဆက်လက်မောင်နှင်ခဲ့မှုအတွက် ကုမ္ပဏီမှ တာဝန်ရှိသော Operation manager နှင့်တာဝန်ကျဂိတ်ဝန်ထမ်းများ တစ်ဖွဲ့လုံးကို အပြစ်ပေးသည့်အနေနှင့် လစာထဲမှ ၃ ရက်စာကို ဖြတ်တောက်သွားမည်ဖြစ်ကြောင်း Omni Focus General Service Public Co.Ltd မှ အများပြည်သူများအား အသိပေးကြေညာခဲ့ကြောင်း သိရှိရသည်။







