အမေရိကန်စစ်သင်္ဘောမှ ပျောက်ဆုံးသင်္ဘောသားများ၏ ရုပ်အလောင်း အကြွင်းအကျန်များ ပြန်လည်တွေ့ရှိ
30 Aug 2017 1,381 Views
ပြီးခဲ့တဲ့တစ်ပတ်အတွင်းက အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ်ဂျွန်အက်စ်မက်ကိန်း ကနေ ပျောက်ဆုံးနေတဲ့သင်္ဘောသား(၈)ဦးရဲ့ရုပ်အလောင်းအကြွင်းအကျန်တွေကို ပြန်ရှာတွေ့ပြီလို့ အမေရိကန် ရေတပ်ဘက်က တနင်္လာနေ့အစောပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ပျောက်ဆုံးနေတဲ့တပ်ဖွဲ့ဝင်(၈)ဦးရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဂျွန်အက်စ် အက်စ် ဂျွန်မက်ကိန်းသင်္ဘောရဲ့ ရေ၀င်နေတဲ့ အကန့်တွေထဲမှာ ရေငုပ်သမားတွေက ပြန်လည် တွေ့ရှိခဲ့တာဖြစ်ပါတယ်။
လိုက်ဘေးရီးယားနိုင်ငံအလံလွှင့်ထားတဲ့ ရေနံတင်သင်္ဘော အယ်လ်နစ်ခ် အမ်စီ နဲ့ ယူအက်စ်အက်စ်ဂျွန်အက်စ်မက်ကိန်းဟာ ယခုလ(၂၁)ရက်မနက်အစောပိုင်းက စင်ကာပူ ရေပိုင်နက်ထဲမှာ တိုက်မိခဲ့တာပါ။သင်္ဘောတိုက်မိချိန်မှာ ပျောက်ဆုံးခဲ့တဲ့ သင်္ဘောသား(၁၀)ဦးအထိ ရှိခဲ့တာဖြစ်ပေမယ့် သင်္ဘောသား(၂)ဦးရဲ့အလောင်းတွေကို ပြီးခဲ့တဲ့သီတင်းပတ်မှာတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့သင်္ဘောသား(၁၀)ဦးစလုံးဟာ အသက်(၂၂)နှစ်နဲ့(၃၉)နှစ်ကြားရှိသူတွေဖြစ်ပြီး ဆက်သွယ်ရေးအရာရှိတွေနဲ့ အီလက်ထရောနစ်နည်းပညာရှင်တွေဖြစ်ပါတယ်။
လက်ရှိမှာရှာဖွေမှုတွေကိုရပ်ဆိုင်းလိုက်ပြီး မတော်တဆမှုဖြစ်ပွားရခြင်း အကြောင်းရင်းနဲ့ ဖြစ်ခဲ့ရတဲ့အခြေအနေတွေကို စုံစမ်းနေဆဲဖြစ်တယ်လို့အမေရိကန်ရေတပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။သင်္ဘောတိုက်မိတုန်းကလည်း သင်္ဘောသား(၅)ဦးဒဏ်ရာရှိခဲ့ပါတယ်။ မတော်တဆမှုဖြစ်ပွားခဲ့ချိန်မှာ အမေရိကန်စစ်သင်္ဘောဟာ စင်ကာပူနိုင်ငံကို ဦးတည်နေ ခုတ်မောင်း နေခဲ့တာဖြစ်ပါတယ်။ယူအက်စ်အက်စ် ဂျွန်မက်ကိန်းရဲ့မတော်တဆမှုဟာ အမေရိကန် ပစိဖိတ်ရေတပ်ရဲ့ ယခုနှစ်အတွင်းဖြစ်ပွားတဲ့ (၄)ခုမြောက်မတော်တဆမှုဖြစ်ပါတယ်။