BEC-TERO TV

Despacito က Billboard Hot 100 စာရင်း၌ မရိုင်းယားကာရေး၏ အချိန်ကြာဆုံး ဦးဆောင်စံချိန်ကို လိုက်မီ

31 Aug 2017     1,337 Views


ပွာတိုရီကိုအဆိုတော် လူးဝစ်ဖွန်စီနှင့် ဒက်ဒီယန်ကီးတို့ သီဆိုထားသည့် လက်တင်အကသီချင်း Despacito သည် သြဂုတ် ၂၈ ရက်တွင် Billboard Hot 100 စာရင်း၌ သီတင်းပတ် ၁၆ ပတ်ဦးဆောင်ခဲ့သည့် မရိုင်းယားကာရေး၏ စံချိန်ကိုလိုက်မီခဲ့ပြီဟု Nielsen Music ကထုတ်ပြန်ခဲ့သည်။ ကာရေးနှင့် R&B အဖွဲ့ Boyz II Men တို့သီဆိုထားသည့် One Sweet Day သည် ၁၉၉၅ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်အတွင်း Billboard Hot 100 စာရင်းတွင် သီတင်း ၁၆ ပတ်ကြာ ဦးဆောင်ခဲ့သည်။

Despacito သီချင်းသည် အမေရိကန်ဈေးကွက်တွင် မကြုံစဖူး လွှမ်းမိုးခဲ့သည့် အင်္ဂလိပ်သီချင်းမဟုတ်သော သီချင်းတစ်ပုဒ်ဖြစ်သည်။ ယခုနှစ်ဇန်န၀ါရီတွင် ဖြန့်ချိခဲ့သည့် Despacito သီချင်းဗီဒီယိုသည် YouTube တွင် ကြည့်ရှုအကြိမ် ၃ ဒသမ ၄ ဘီလျံဖြင့် ကြည့်ရှုမှုနှုန်းအများဆုံး သီချင်းအဖြစ်လည်း စံချိန်တင်ခဲ့သည်။ “လက်တင်ဂီတအတွက် သမိုင်းဝင်နေ့တစ်နေ့ပါပဲ။ ပရိသတ်တွေရဲ့ အံ့အားသင့်ဖွယ် အားပေးမှုကို အလွန့်အလွန်ကျေးဇူးတင်ပါတယ်” ဟု ဖွန်ဆီက ပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာ စာသားများပါဝင်သည့် ယင်းသီချင်းသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့ခဲ့ပြီး ပြန်လည်ဆန်းသစ်သီဆိုမှုနှင့် သရော်သီဆိုထားသည့် သီချင်းများစွာ ထွက်ရှိခဲ့သည်။ မွတ်စလင် အများစုနေထိုင်သည့် မလေးရှားတွင်မူ ယင်းသီချင်းသည် လိင်အသားပေး ဖော်ညွှန်းလွန်းသည့်သီချင်းဟု ယူဆပြီးပိတ်ပင်ခဲ့သည်။ ပေါ့ပ်အဆိုတော် တေလာဆွစ်က အယ်လ်ဘမ်သစ်တွင် ပါဝင်မည့် Look What You Made Me Do သီချင်းကို သြဂုတ် ၂၅ ရက်တွင် ဖြန့်ချိခဲ့သောကြောင့် Despacito သီချင်းသည် Billboard Hot 100 စာရင်းတွင် သီတင်းပတ်အကြာဆုံး ဦးဆောင်သည့် သီချင်းအဖြစ် စံချိန်တင်ရန် အလားအလာမရှိဟု သုံးသပ်မှုများလည်း ထွက်ရှိခဲ့သည်။

Credit : news-eleven


31 Aug 2017     1,337 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment