ခြင်တစ်ကောင်ကို ကြိမ်းမောင်းမိလို့ တွစ်တာမှ အကောင့်အပြီးဖယ်ရှားခံရသူ
12 Sep 2017 1,481 Views

ဂျပန်နိုင်ငံမှ တွစ်တာအသုံးပြုနေသူတစ်ဦးဟာ သူ့ရဲ့ တွစ်တာအကောင့်မှတစ်ဆင့် ခြင်တစ်ကောင်းကို ကြုံးဝါးကြိမ်းမောင်းတဲ့ စာသားနဲ့ ပုံတင်မိတဲ့အတွက် တွစ်တာက သတိပေးစာပေးပို့ပြီး သူ့ရဲ့အကောင့်ကို ထိန်းသိမ်းလိုက်ပါတယ်။
လူမှုကွန်ယက် တွစ်တာရဲ့ ပေါ်လစီအရ ခြိမ်းခြောက်စာရေးသားခြင်းကို လက်မခံပဲ တွေ့ရှိပါက တွစ်တာအသုံးပြုခွင့် ပိတ်ပင်သွားမှာဖြစ်ပါတယ်။ @nemuismywife ဆိုသူ တွစ်တာအကောင့် ပိုင်ရှင်က သြဂုတ်လ ၂၀ ရက်နေ့က သူ့အိမ်မှာ တီဗီကြည့်ရင်း အနားယူနေစဉ် ခြင် ခဏခဏ အကိုက်ခံခဲ့ရပြီးနောက် ဒေါသဖြစ်ဖြစ်နဲ့ တွစ်တာပေါ်မှာ အောက်ပါအတိုင်းရေးသားခဲ့တာဖြစ်ပါတယ်။
“မကောင်းဆိုးဝါးကောင်! ငါ့ဟာငါ အေးဆေးလေး တီဗီကြည့်ရင်းနှပ်နေတာကို ကောင်းကောင်းမနေရဘူး နေရာအနှံ့လိုက်ကိုက်ပြီး အခုတော့ ဘယ်ပြေးမလဲ? သေလေ! (တစ်ကယ်တော့ သေနေပါပြီ)” ဟု သူ့ရဲ့ တွစ်တာမှာ ခြင်အသေကောင်ရဲ့ ပုံနဲ့တစ်ကွ ရေးတင်ခဲ့ပါတယ်။
သိပ်မကြာမီမှာပဲ တွစ်တာက သူ့ကို မက်ဆေ့ပေးပို့ကာ ခြိမ်းခြောက်စာ တင်တဲ့အတွက် သူ့အကောင့်ကို ထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။
သူက အနည်းငယ်ဒေါသဖြစ်သွားပြီးနောက် ချက်ခြင်းပင် နောက်ထပ် တွစ်တာအကောင့် @DaydreamMatcha ကို ဖွင့်ကာ တွစ်တာအပေါ် ဝေဖန်တဲ့ စာတင်ခဲ့ပါတယ်။
“ငါခြင်တစ်ကောင် သတ်လိုက်တယ်လို့ ရေးမိတာနဲ့ ငါ့ရဲ့အရင်အကောင့်ကို တွစ်တာက ပိတ်လိုက်တယ်။ ငါက ဘယ်သူ့ကိုများ ဘာစော်ကားမိလို့လဲ ?” ဟု ရေးတင်ခဲ့ရာ သူ့ရဲ့ ပိုစ်ကို ပြန်ရှယ်သူ သုံးသောင်းကျော်ရှိခဲ့ပြီး နှစ်သောင်းခုနှစ်ထောင်လောက် လိုက်ခ်လုပ်ခဲ့ကြသည်။
ယူအက်ရဲ့ စီးပွားရေးမဂ္ဂဇင်းကြီးတစ်ခုကတော့ တွတ်တာရဲ့ တုံ့ပြန်မှုဟာ စက်က စော်ကားခြိမ်းခြောက်တယ်လို့ ထင်ရတဲ့ စာသားတွေကို စစ်ဆေးမိတာနဲ့ အလိုအလျောက်တုံ့ပြန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တွစ်တာသုံးတဲ့အခါ စကားအသုံးအနှုန်းများ ဆင်ခြင်ဖို့ လိုအပ်ပါတယ်။