အနာဂါတ်၏ စမတ်ဖုန်းအသစ် iPhone X
13 Sep 2017 1,494 Views
Apple က နှစ်စဉ်လုပ်နေကြဖြစ်တဲ့ ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အနာဂါတ်အတွက် မျိုးဆက်သစ် iPhone X ကို မိတ်ဆက်ပေးခဲ့ပါတယ်။
iPhone X ရဲ့ ကိုယ်ထည်က သံချေးမတက်နိုင်တဲ့ စတီနဲ့ မှန်သားတို့ ပေါင်းစပ်ပြုလုပ်ထားတဲ့ အကွေးပုံသဏ္ဍန်ရှိပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ဟာ ၅.၈ လက်မရှိတာမို့ လက်ရှိ ထုတ်ထားတဲ့ iPhone Plus ရဲ့ မျက်နှာပြင် (၅.၅ လက်မ) ထက်ပိုမို ကျယ်ပြန့်ပါတယ်။ ဒါပေမယ့် ကိုယ်ထည်က iPhone Plus ထက် ပိုမိုသေးငယ်ပါတယ်။
iPhone X ရဲ့ ထုထည်ကို iPhone 7 ထက် နဲနဲလေး ပိုထူပေးထားပြီး လက်ထဲက လျောကျနိုင်မှုနည်းအောင် ဖန်တီးပေးထားပါတယ်။
Apple က သူ့ရဲ့ iPhone X ကို “Super Retina Display” လို့ တင်စားထားပါတယ်။ သုံးစွဲသူရဲ့ အမြင်အာရုံကို သက်သာစေနိုင်ဖို့ ပုံရိပ်အရည်အသွေး 1125 x 2436 pixels resolution ရှိတဲ့အတွက် Super Retina Display လို့ ခေါ်လိုက်တာလဲဖြစ်ပါတယ်။
iPhone X ရဲ့ မျက်နှာပြင်မှာ Home button မပါဝင်တော့တာက iPhone သုံးသူတွေအတွက် အပြောင်းအလဲ ကြီးကြီးမားမား တစ်ခုဖြစ်နိုင်ပါတယ်။ Face ID ပါဝင်လာပြီး အရှေ့ကင်မရာက ကိုယ့်ရဲ့ မျက်နှာပြင်ကို စစ်ဆေးပြီး ဖွင့်ပေးမှာဖြစ်ပါတယ်။ ကင်မရာမှာ မိမိရဲ့မျက်နှာကို အစက်ပျောက်ပေါင်း သုံးသောင်းကျော်နဲ့ ထောက်လှမ်းပြီး စစ်ဆေးပေးတာဖြစ်လို့၊ မျက်မှန်တပ်ထားတဲ့အချိန်၊ ဦးထုတ်ဆောင်းထားတဲ့အချိန်တွေ၊ ဆံပင်ပုံစံပြောင်းထားရင်တောင်မှ မှန်မှန်ကန်ကန် စစ်ဆေးပေးနိုင်ပါတယ်။
iPhone X ရဲ့ အရှေ့ကင်မရာမှာ ထူခြားမှုတွေအပြည့်ပါနေပါတယ်။ မည်သည့် စမတ်ဖုန်း ကင်မရာ မှာမှမတွေ့ရနိုင်သေးတဲ့ ထူးခြားပြီး သဘာဝဆန်တဲ့ မျက်နှာဖုံး အလှုပ်တွေက ကင်မရာချိန်လိုက်တာနဲ့ ကိုယ်မျက်နှာပေါ်မှာ တစ်သားထဲ ကပ်နေမှာဖြစ်ပြီး မျက်နှာရဲ့ လှုပ်ရှားမှုနဲ့အတူ တစ်ပါတည်း လိုက်လံ လှုပ်ရှားမှာ ဖြစ်ပါတယ်။
iPhone X ရဲ့ ကျောဘက် ကင်မရာကလည်း မှန်ဘီလူး နှစ်လုံးပါရှိပြီး တယ်လီအတွက် f/2.4 နဲ့ မြင်ကွင်းကျယ်အတွက် f/1.8 မှန်ဘီလူးတို့ ပါရှိပါတယ်။
iPhone X မှာ တပ်ဆင်ထားတဲ့ A11 Bionic chip က အမြန်ဆုံးနဲ့ စမတ်အဖြစ်ဆုံးဖြစ်ပြီး တစ်စက္ကန့်အတွင်းမှာ ၆၀၀ ဘီလီယံကျော် လုပ်ငန်းတွေကို လုပ်ဆောင်နိုင်တယ်လို့ Apple က ပြောထားပါတယ်။
iPhone X ရဲ့ ဘတ်ထရီခံနိုင်ရည်က iPhone 7 ထက် နှစ်နာရီခန့် ပိုမိုကြာရှည်ခံပြီး ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်သလို နားကျပ်ကလည်း ကြိုးမဲ့စနစ်ကို အသုံးပြုထားပါတယ်။
iPhone X ရဲ့ ဈေးနှုန်းကို ၉၉၉ ဒေါ်လာနဲ့ စတင်ထားပြီး လိုအပ်ချက်ပေါ် မူတည်ပြီး ဈေးနှုန်းမြင့်သွားမှာဖြစ်ပါတယ်။