သွေးစုတ်ဖုတ်ကောင် လူသတ်သမား အကျဉ်းထောင်မှ မကြာမီလွတ်တော့မည်
18 Sep 2017 1,640 Views

လူတဦးကို ဓားနဲ့ ၆၆ ကြိမ်ထိုးသတ်ပြီး သေသူရဲ့သေသွးတွေကို သောက်ခဲ့တဲ့ သွေးစုတ်ဖုတ်ကောင်လူ သတ်သမား အကျဉ်းထောင်က လွတ်မြောက်တော့မယ်လို့ မေရာသတင်းမှာ စက်တင်ဘာလ ၁၆ ရက် နေ့က ဖော်ပြထားပါတယ်။
ဂျာမဏီနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ကြောက်ရွံ့ထိတ်လန့်စက်ဆုပ်ဖွယ် လူသတ်မှုကို ဒန်နီယယ်ရူဒါက သူရဲ့ဇနီးဟောင်းဖြစ်သူနဲ့အတူ ကျူးလွန်ခဲ့ပြီး နိုင်ငံတကာသတင်းတွေရဲ့ ခေါင်းကြီးပိုင်းမှာ ပါခဲ့ပါတယ်။ လူသတ်သမားစုံတွဲက သူတို့ရဲ့ သူငယ်ချင်း ဖရန့်က်ဟက်ကာ့တ်ကို “စေတန်နတ်ကို ပူဇော်ပသ တဲ့အနေနဲ့” သတ်ဖြတ်ခဲ့ပြီး ၂ ဦးစလုံးက အသတ်ခံရသူရဲ့ သွေးတွေကို သောက်ခဲ့တယ်လို့ ဆိုပါတယ်။
လူသတ်သမား ရူဒါကို ၂၀၀၂ ခုနှစ်မှာ ထောင်ဒဏ်ချမှတ်ချိန် ကားပစ္စည်းအရောင်းဝန်ထမ်း၊ ရူဒါရဲ့ ရှေ့သွားတွေ ထက်ပြီး ချွန်နေတာက သူ့ရဲ့သွင်ပြင်ကို သွေးစုပ်ဖုတ်ကောင်လို ထင်ရစေတယ်လို့ ဆိုပါတယ်။ သူ့ကိုထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး မကြာခင်မှာ အကျဉ်းထောင်က လွတ်မြောက် တော့မှာလို့ သိရပါတယ်။
ဒီနှစ်အစောပိုင်းမှာ သူ့ရဲ့ဇနီးဟောင်းမန်နျူရယ်ကိုသတ်ဖို့ အမျိုးသမီးတဦး ငှားရမ်းခိုင်းစေခဲ့တယ်ဆိုတဲ့ အမှုအသစ်အတွက် ရူဒါကို ကင်းရှင်းကြောင်းဆုံးဖြတ်ခဲ့ပြီး သူတို့စုံတွဲရဲ့ အမှုကို မူလစီရင်ချက်ချခဲ့တဲ့ တရားရုံးက သူတို့ ၂ ဦးဟာ အားလပ်ရက်တွေမှာ အင်္ဂလန်နဲ့ စကော့တလန်နိုင်ငံတွေရဲ့ သင်္ချိုင်းဂူတွေမှာ အိပ်ခဲ့ပြီး မကောင်းဆိုးရွားတွေရဲ့ ပူဇော်တဲ့ပါတီကို တက်ခဲ့ကြောင်း ကြားနာခဲ့တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ဇနီးဟောင်းဖြစ်သူ မန်နျူရယ်ကို ကျူးလွန်ခဲ့တဲ့အမှုအတွက် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက စိတ်ရောဂါဆေးရုံမှာ အကျဉ်းကျခံရာကာ လွတ်မြောက်ခဲ့ပေမယ့် အခု အချိန်အထိ ဆေးကုသမှု ခံယူနေရဆဲလို့ သိရပါတယ်။ အကျဉ်းထောင်ထဲမှာ ရူဒါက စာကြည့်တိုက်မှူးအဖြစ် လုပ်ဆောင်ခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်က အသနားခံစာအရ သူ့ကို အကျဉ်းထောင်မှ လွှတ်ပေးတော့မှာဖြစ်ပြီး လူ့အသိုင်းအဝိုင်းနဲ့ ပြန်လည်ဆက်ဆံခိုင်းတော့မယ်လို့ ဆိုပါတယ်။
ရူဒါရဲ့ရှေ့နေဖြစ်သူက “သူက အန္တရာယ်ရှိတဲ့ အမျိုးသားတဦး မဟုတ်ဘူးဆိုတာကို ကျနော် တို့ ပြချင်တယ်။ ထောင်ထဲမှာ သူက မူးယစ်ဆေးဝါးမသုံးဘူး၊ အရက်သေစာ မသောက်ဘူး။ ၇၅ နှစ် အရွယ် သူ့မိခင်က သူ့ဆီအမြဲ ထောင်ဝင်စာ လာတွေ့တယ်။ သူမမှာ ဆန္ဒတခုပဲရှိတယ်၊ အဲ့ဒါက သူမ မသေဆုံးခင် သားဖြစ်သူကို လွတ်မြောက်စေချင်တာပဲ။ သူကလည်း လူမှုအသိုင်းအဝိုင်းကို ပြန်သွားချင်တယ်။ ဇနီးမယားရှာပြီး မိသားစုဘဝ ရှိချင်တယ်။ သူ့ကို လူမှုအသိုင်းအဝိုင်းနဲ့ ပြန်လည်ဆက်ဆံခွင့်ပြုတာ မှန်ကန်ပါတယ်” လို့ ပြောပါတယ်။
ဒါပေမယ့် သေဆုံးသူရဲ့ မိခင်ဖြစ်သူ အေဒါရစ်စ်ဟက်ကာ့တ်က “အာဏာပိုင်တွေ သူ့ကို လွှတ်မပေးဖို့ ကျမမျှော်လင့်တယ်။ ကျမနေမကောင်းပါဘူး၊ ကျမ စိတ်ပိုင်းဆိုင်ရာအရ ပြိုလဲနေပါတယ်၊ အရမ်းလည်း ငိုခဲ့ရပါတယ် သူ့ကို လွှတ်ပေးလိုက်မယ်ဆိုရင်တော့ ဒါက ကျမအတွက် အိမ်မက်ဆိုးပါပဲ” လို့ ပြောပါတယ်။
လူသတ်သမားစုံတွဲကတော့ သူတို့သတ်ခဲ့သူကို ပူဇော်ဖို့ ရွေးချယ်ခဲ့တာက “သူက အရမ်း ပျော်ပျော်နေတတ်တော့ စေတန်နတ်မင်းအတွက် အကောင်းဆုံးဖြစ်မယ်” လို့ဆိုပြီး ရွေးချယ်ခဲ့တာလို့ ပြောခဲ့ပါတယ်။
သတင်း - ဒီဗီဘီ