ခွေးတွေကို အသံကြိုးဖြတ်ပေးနေတဲ့ တရုပ်ဈေးတန်းထဲက လိုင်စင်မဲ့ တိရိစ်ဆာန်ဆရာဝန်(ရုပ်သံ)
18 Sep 2017 1,572 Views
ခွေးဟောင်သံတွေကို နားမခံနိုင်တဲ့ ခွေးမွေးသူအချို့က သူတို့ရဲ့ ခွေးတွေကို ပန်းအရောင်းဆိုင်နဲ့ ငှက်အရောင်းဆိုင်များရှိတဲ့ ချန်ဒူးဈေးထဲမှာ လမ်းဘေးဆိုင်လေး ဖွင့်လှစ်ထားပြီး အလုပ်ဖြစ်နေတဲ့ တိရိစ်ဆာန် ဆရာဝန်ထံကို ခေါ်သွားကြပါတယ်။
ခွေးဟောင်သံ အကျယ်ကြီးမထွက်အောင် သူလုပ်ပေးလိုက်တဲ့ ပုံစံကတော့ ခွေးလေးတွေကို မေ့ဆေးအရင်ထိုးလိုက်ပါတယ်။ ခွေးက မူးမေ့သွားတဲ့အခါမှာတော့ သူ့ရဲ့အကူ အမျိုးသမီးတစ်ဦးက ကြိုးနှစ်ချောင်းနဲ့ ခွေးရဲ့ ပါးစပ်ကို အပေါ်အောက် ဖြဲပေးထားပါတယ်။
တိရိစ်ဆာန်ဆရာဝန်ဆိုသူက ကတ်ကြေးတွေကို အသုံးပြုကာ ခွေးရဲ့ အသံကြိုးလေးတွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။ ဒီလိုလုပ်ခံထားရတဲ့ ခွေးလေးတွေဟာ ဘယ်တော့မှ ဟောင်သံအကျယ်ကြီး ထွက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီကိစ္စအစအဆုံးလုပ်ဖို့ ခွေးတစ်ကောင်ကို အချိန် ၅ မိနစ်၊ ၁၀ မိနစ်ခန့်သာကြာပြီး ယွမ် ၅၀ ကနေ ၁၀၀ ထိ ရရှိပါတယ်။
ဒီလိုလုပ်ကိုင်နေတဲ့ ဗီဒီယို အွန်လိုင်းပေါ် ပျံ့နှံ့သွားတဲ့အခါမှာတော့ ခွေးချစ်သူများက မကျေမနပ်ဖြစ်ကာ ဝေဖန်ခဲ့ကြပါတယ်။ ချန်ဒူးစီးပွားရေးသတင်းစာက သွားရောက်မေးမြန်တဲ့အခါ အဆိုပါတိရိစ်ဆာန်ဆရာဝန်ဟာ လိုင်စင်မရှိသူဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ ဒါ့အပြင် ခွေးလေးတွေကို ခွဲစိတ်ဖို့အသုံးပြုတဲ့ ကရိယာတွေဟာ သန့်ရှင်းမှု မရှိကြောင်း၊ သူဖွင့်ထားသော ဆိုင်နေရာ ပလက်ဖောင်းပေါ်တွင် သွေးစသွေးနများနှင့် မသန့်မရှင်းဖြစ်နေသည်ကို တွေ့မြင်ခဲ့ရသည်။
အဆိုပါ ပုဂ္ဂိုလ်ကို ထွက်သွားရန်မောင်းထုတ်ခံထားရပြီးနောက် ရဲများကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။