အမေရိကန်၊ဂျပန်နှင့်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ မြောက်ကိုရီးယားအရေး ဆွေးနွေး
21 Sep 2017 1,360 Views
အမေရိကန်၊ဂျပန်နဲ့အိန္ဒိယနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကို ပြည့်ပြည့်၀၀ အကောင် အထည်ဖော်သွားဖို့ အခြားနိုင်ငံတွေကို တိုက်တွန်းသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်၊ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနဲ့အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး ဆူရှ်မာဆာဝါရီတို့ဟာ နယူးယောက်မြို့မှာ တနင်္လာနေ့တုန်းက တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်တာနဲ့ ဂျပန်နိုင်ငံကို ဖြတ်ကျော်သွားတဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေ ပြုလုပ်ပြီးနောက်မှာ ၀န်ကြီးတွေရဲ့အခုလိုတွေ့ဆုံမှု ထွက်ပေါ်လာတာပါ။
မြောက်ကိုရီးယားရဲ့အခုလိုလုပ်ရပ်တွေဟာ နိုင်ငံတကာအသိုက်အ၀န်းအတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ဒါ့ပြင် မြောက်ကိုရီးယားနိုင်ငံအပေါ် ဖိအားတွေဆက်ပေးသွားရေးဆိုတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို အမေရိကန်နဲ့အိန်္ဒိယနိုင်ငံခြားရေးဝန်ကြီးတွေက ထောက်ခံထားပါတယ်။မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေမှာ ပိုမိုကျယ်ပြန့်တဲ့ ကဏ္ဍကနေ ပါဝင်သွားဖို့ တရုတ်နိုင်ငံကို တောင်းဆိုသွားဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူညီ ထားပါတယ်။ဒါ့ပြင် လွတ်လပ်ပြီးပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်လာရေးလုပ်ဆောင်ရာမှာ လုံခြုံရေး၊အခြေခံအဆောက်အအုံနဲ့အခြားကဏ္ဍတွေမှာ ပူးပေါင်းရေး ပိုမိုလုပ်ဆောင်ဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူညီခဲ့ကြပါတယ်။