BEC-TERO TV

သီတင်းကျွတ်တွင် နည်းလမ်းမှန်စွာ ပူဇော်ကန်တော့ခြင့်ဖြင့် ရရှိနိုင်မည့်အကျိုးထူးများ

01 Oct 2017     2,577 Views


ဗုဒ္ဓဘာသာဝင်တို့သည် မိမိထက် တစ်နေ့၊ တစ်ရက်၊ တစ်နံနက်မျှ အသက်ကြီးသူများ၊ အကျင့်သိက္ခာ မြင့်မြတ်သူများ၊ လောကီဂုဏ်၊ လောကုတ္တရာ သီလ သမာဓိ ပညာဂုဏ်ကြီးမားသူများကို ရိုသေကိုင်းညွတ်လေ့ရှိ၊ ပူဇော်ကန်တော့လေ့ရှိကြလေသည်။
အထူးသဖြင့် သီတင်းဝါလကျွတ်သည့်အခါ အသက်သိက္ခာ ဂုဏ်ဝါကြီးသူများ၊ မိဘဘိုးဘွားဆွေမျိုးများ၊ ဆရာသမားများကို အ၀တ်အစား ၊ စားဖွယ်သောက်ဖွယ်များဖြင့် သွားရောက်ပူဇော်ကန်တော့လေ့ရှိကြသည်။

ဤသို့ ပူဇော်ကန်တော့ကြခြင်းမှာ “ပူဇာစ ပူဇနေယျာနံ” ပူဇော်ထိုက်သူ ပုဂ္ဂိုလ်မှန်တို့ကို
ပူဇော်ရခြင်းသည်လည်း မင်္ဂလာမည်၏ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။ မင်္ဂလာတရားတော်နှင့်အညီ ပြုလုပ်ကြသော ဗုဒ္ဓယဉ်ကျေးမှုပွဲတစ်ပွဲပင် ဖြစ်သည်။
သီတင်းကျွတ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲသည် ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကပင် သာသနာတော်တွင်း၌ ပြုလုပ်လေ့ရှိသည့် ပွဲတစ်ပွဲဖြစ်သောကြောင့် မြန်မာနိုင်ငံသို့
သာသနာတော် စတင်ရောက်ရှိချိန်ကပင် စတင်ခဲ့သည်ဟု ယူဆရပါမည်။

ကန်တော့နည်း
မိဘဘိုးဘွားဆရာသမားများကို ပူဇော်ကန်တော့ကြသည့်အခါ အကျိုးတရား အပြည့်အဝ
ရရှိစေရန် အတွက်အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်။


(၁) အပူဇော်ခံ ပုဂ္ဂိုလ်လက်သို့ အရောက်ကိုယ်တိုင်လက်နှစ်ဘက်ဖြင့် ကိုင်၍ ပေးလှူပါ။

(၂) ရိုသေလေးစားစွာလှူပါ၊
(၃) မလှူဒါန်းမီ “ငါးပါးသီလ” စသည်ကို ကြိုတင်ဆောက်တည်ပြီးမှ လှူဒါန်းပါ၊
(၄) ဓမ္မပူဇာအနေဖြင့် ရှေးဦးစွာ ဘုရားရှင်အား ဂုဏ်တော်ကို ရည်မှန်းရှိခိုးဦးချပြီးမှ လှူပါ။
(၅) မိမိကနိမ့်ရာတွင်နေပြီး အပူဇော်ခံပုဂ္ဂိုလ်များ၏ သီလ၊ သမာဓိ၊ ပညာဂုဏ် တို့ကို အာရုံပြု၍ ရှိခိုးဦးချပါ။ သြကာသဖြင့် ကန်တော့၍ ရှိခိုးပူဇော်ပါ။

ပူဇော်ကန်တော့ရသောအကျိုးမှာ များပြားလှပါသည်။
လောကီရေးမှကြည့်လျှင် တန်ဖိုးရှိသော သြဝါဒများကို နာကြားရခြင်း၊ ပညာရှိတို့ ချီးမွမ်းခံရခြင်း၊ လူချစ်လူခင်ပေါများခြင်း စသည့်အကျိုးတို့ကို ရရှိသကဲ့သို့ ဓမ္မရေးရာမှ ကြည့်လျှင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ဘုန်းတန်ခိုးအာနုဘော် ကြီးမားခြင်း စသော အကျိုးတရားများကို ရရှိနိုင်ပါသည်။

ထို့ပြင်သက်ကြီးဝါကြီးတို့ကို ကန်တော့ပူဇော်ရခြင်းကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် သေစေနိုင်သည့် အကုသိုလ်ကံကိုပင် ပယ်ဖျောက်နိုင်ခြင်း၊ ဥပစ္ဆေဒကကံဖြင့် မသေနိုင်ခြင်း၊ ကိုယ်နှုတ်နှလုံး သုံးပါး တစ်ပါးပါးတို့ဖြင့် ပြစ်မှားမိခဲ့သော အပြစ်များ ပပျောက်နိုင်ခြင်း အကျိုးထူးများကို ခံစားရရှိစေနိုင်မည်ဖြစ်ပါသည်။

ဒါကြောင့် ဒီနှစ်သီတင်းကျွတ်မှာ သက်ကြီးဝါကြီးများကို စနစ်တကျ ပူဇော်ကန်တော့ခြင်းဖြင့် အကျိုးထူးများ ရရှိနိုင်ကြပါစေ..။

ကိုးကား  - ဗုဒ္ဓဘာသာတရားတော် အဆင့်မြင့်စာအုပ်
 


01 Oct 2017     2,577 Views




RELATED

Most Popular of Special or Others

Most Popular of NEWS