BEC-TERO TV

ထိုင်းနိုင်ငံသား ခရီးသည်တဦးရဲ့ ခရီးဆောင်အိတ်ကို ခိုးယူခဲ့တဲ့ သြစတြေးလျနိုင်ငံသားတဦး

02 Oct 2017     1,275 Views


ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်တွင်းမှာ ထိုင်းနိုင်ငံသား ခရီးသည်တဦးရဲ့ ခရီးဆောင်အိတ်ကို ခိုးယူခဲ့တဲ့ သြစတြေးလျနိုင်ငံသားတဦးကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ အောက်တိုဘာ ၁ ရက်နေ့က ဖော်ပြပါတယ်။ ရဲတွေနဲ့ လေဆိပ်လုံခြုံရေး တာဝန်ရှိသူတွေဟာ အသက် ၅၄ နှစ်အရွယ် ဂျွန်ရောဘတ်ဆန် အမည်ရတဲ့ အဲဒီအမျိုးသားကို လေဆိပ်ထွက်ခွာဆောင် ဘဏ်ငွေလဲကောင်တာအနီးမှာ သက်သေ ခရီးဆောင်အိတ်ပါ တွန်းလှည်းနဲ့အတူ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ချင်းရိုင်ခရိုင်တွင်းက ထိုင်းအမျိုးသမီး ခရီးသည်တဦးရဲ့ တိုင်ကြားမှုနောက်မှာ ကွင်းဆက်အဖြစ် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

သူဟာ လေဆိပ်ထွက်ခွာဆောင် ၄ ထပ်ရှိ အများသုံးသန့်စင်ခန်းအတွင်း ဝင်ရောက်ခဲ့ပြီး အခန်းအပြင်ဘက်မှာ ခရီးဆောင်အိတ် ၃ အိတ်ပါ တွန်းလှည်းကို ထားခဲ့ချိန်မှာ ပျောက်သွားခဲ့တယ်လို့ ရဲတွေကို တိုင်ကြားခဲ့တာပါ။ ရဲတွေနဲ့ လေဆိပ်တာဝန်ရှိသူတွေဟာ စီစီတီဗွီ လုံခြုံရေးကင်မရာမှတဆင့် တရားခံကို ရှာဖွေခဲ့ချိန်မှာ အဲဒီတွန်းလှည်းကို တွန်းသွားနေခဲ့တဲ့ အမျိုးသားတဦးကို မသန်စွမ်း အများသုံးအိမ်သာအနီး တွေ့ခဲ့ရတာပါ။ ဂျွန်ရောဘတ်ဆန်က သူ့အနေနဲ့ ခရီးဆောင်အိတ်ကို ခိုးယူခဲ့တယ်လို့ ရဲတွေကို ဝန်ခံထွက်ဆိုခဲ့ပြီး အတွင်းက ဘာကိုမှ ခိုးယူထားခြင်းမရှိဘူးလို့ ပြောပါတယ်။ သူဟာ ထိုင်းနိုင်ငံကနေ သြစတြေးလျနိုင်ငံဆီ ထွက်ခွာဖို့အတွက် ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ခရီးသွားလာခွင့် စာရွက်စာတမ်းတွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ သူဟာ လွန်ခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်း ထိုင်းနိုင်ငံတွင်းကို မကြာခဏ အဝင်အထွက်ရှိခဲ့ကြောင်း တွေ့ရှိခဲ့ရတာပါ။ သုဝဏ္ဏဘူမိလေဆိပ် ရဲဌာနမှ တာဝန်ရှိသူ ရဲမှူးကြီး ဆီတိပွန် ပန်ထိုင်းဆောင်က တရားခံအနေနဲ့ ခုလို ခိုးယူမှုအတွက် တရားစွဲဆို ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ခုလိုကျူးလွန်ခဲ့တဲ့ ဒီပြစ်ဒဏ်အတွက် ဒဏ်ငွေ ဘတ် ၂၀၀၀ ကနေ ၁ သောင်းထိနဲ့ ထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်ထိ ကျခံရနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Credit : burmese.dvb.no


02 Oct 2017     1,275 Views




RELATED

Most Popular of International News

Most Popular of NEWS