BEC-TERO TV

မျက်တောင်စိုက်ခြင်းနှင့်ဂရုပြုရမည့်အချက်များ

11 Jun 2015     1,560 Views


မျက်လုံးကိုကာကွယ်ဖို့အတွက်ဆိုရင် မျက်တောင်ကလည်း အရေးပါတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ မျက်လုံးအတွင်းကို အမှုန်အမွှားတွေ၊ ဖုန်တွေမ၀င်နိုင်အောင်လည်းကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေအတွက်တော့ မျက်နှာ၊ မျက်လုံးအလှအပအတွက် မျက်တောင်ဟာအရေးပါတဲ့ ကဏ္ဍမှာ ရှိနေပါတယ်။ မျက်တောင်ရှည်၊ မျက်တောင်ကော့များကို မွေးကတည်းကပိုင်ဆိုင်ထားသူများရှိသလို မျက်တောင်တိုတိုနဲ့ မျက်တောင်အလှမပိုင်ဆိုင်ထားသူများလည်း ရှိကြပါတယ်။

မျက်တောင်တိုသူများ၊မျက်တောင်မွှေးနည်းသူများကတော့ မျက်တောင်တုတပ်ခြင်း၊ မျက်တောင်စိုက်ခြင်းများ ပြုလုပ်လာကြပါတယ်။ မျက်တောင်တုတပ်ခြင်းကတော့ အမြဲတမ်းပြုလုပ်ဖို့အခက်အခဲရှိတာကြောင့် မျက်တောင်စိုက်ခြင်းကို ပိုမိုပြုလုပ်လာကြပါတယ်။

မျက်တောင်စိုက်မယ်ဆိုရင်လည်း မျက်တောင်စိုက်ပြီးရင် ကျွတ်ထွက်မသွားအောင် ဘာတွေလုပ်သင့်လဲ ဆိုတာကိုလည်း သိထားသင့်ပါတယ်။ ပထမအချက်အနေနဲ့ မျက်တောင်စိုက်မယ်ဆိုရင် စိုက်ပေးတဲ့သူက ကျွမ်းကျင်မှုမရှိဘူးဆိုရင် မိမိပင်ကိုယ်မျက်တောင်မွှေးကိုပါထိခိုက် ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် တကယ်ကျွမ်းကျင်မှုရှိသူကိုရွေးချယ်ဖို့လိုပါတယ်။

ဒုတိယအချက်ကတော့ ရေနဲ့မထိရပါဘူး။ မျက်တောင်စိုက်ပြီးပြီးချင်း ၂၄နာရီကနေ ၂၈နာရီအတွင် ရေလုံးဝ မထိရပါဘူး။ မျက်နှာလည်းသစ်လို့မရပါဘူး။ မျက်တောင်ကိုရေနဲ့မထိအောင် ဂရုစိုက်ရသလို မိတ်ကပ်ပစ္စည်းများ၊ မိတ်ကပ်ဖျက်ဆေးများနဲ့လည်း ထိလို့မရပါဘူး။ ဒါကြောင့် မျက်တောင်စိုက်ထားတဲ့နေ့ တစ်နေ့လုံးတော့ မိတ်ကပ်မလိမ်းပဲနေတာ အကောင်းဆုံးပါပဲ။

နောက်တစ်ချက်ကတော့ စိုက်ထားတဲ့မျက်တောင်ကို မိမိကိုယ်တိုင်မကိုင်သင့်ပါဘူး။ စိုက်ထားတဲ့မျက်တောင်ကို မကြိုက်တော့လို့ဖြစ်စေ Mascara သုံးရတာအဆင်မပြေလို့ဖြစ်စေ မိမိကိုယ်တိုင် မနှုတ်သင့်ပါဘူး။ ကျွမ်းကျင်သူထံသွားပြီး မိမိသဘောကျသလို ပြုပြင်ပြောင်းလဲတာက အကောင်းဆုံးပါပဲ။ မျက်တောင်ကိုအလှပြင်မယ်ဆိုရင်လည်း အလွန်ညှင်သာစွာ ကိုင်တွယ်ရပါမယ်။

မျက်တောင်စိုက်ထားတဲ့သူတွေအနေနဲ့ သတိထားရမဲ့အလှကုန်ပစ္စည်းတွေလည်းရှိပါတယ်။ Moisturizer အများအပြားပါတဲ့ အလှကုန်ပစ္စည်းများကိုသတိပြုရပါမယ်။ Moisturizer ၊ ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး၊ပေါင်းဆေး တွေသုံးတဲ့အခါမှာ မျက်တောင်ကို မထိစေဖို့၊ မစိုစွတ်စေဖို့ အထူးဂရုပြုရန် လိုပါတယ်။

ရေချိုးပြီးတိုင်းလည်း မျက်တောင်အား ပြန်လည်ပြုပြင်ပေးရန် လိုအပ်ပါတယ်။ ရေချိုးပြီးလျှင် မျက်တောင်ကို ပြန်လည်ပုံဖော်ပေးရပါမယ်။ မျက်တောင်မွှေးကိုလည်း ညင်ညင်သာသာပြန်ဆွဲပေးရန်လည်းလိုအပ်ပါတယ်။ သဘာဝမျက်တောင်မဟုတ်တဲ့အတွက် အချိန်မရွေးကျွတ်သွားနိုင်တာကြောင့် ညင်သာစွာကိုင်တွယ်ရန် အလွန်အရေးကြီးပါတယ်။ မျက်တောင်စိုက်ထားသော်လည်း မိမိနဂိုမျက်တောင်မွှေးလေးတွေကိုလည်း ကြီးထွားသန်မာလာစေရန် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ နဂိုသဘာဝမျက်တောင်လေးတွေ ကျန်းမာသန်စွမ်းမှ စိုက်ထားတဲ့မျက်တောင်လေးတွေက အထောက်အကူပြုပြီး ပိုမိုလှပလာမှာပဲဖြစ်ပါတယ်။

မိမိမျက်လုံးနှင့်မျက်တောင် ထိခိုက်မှုမရှိပဲ ကျန်းမာလှပနေစေရန် ကျွမ်းကျင်မှုရှိသော ဆိုင်များကိုရွေချယ်ကြပါ ရန် တိုက်တွန်းလိုက်ပါတယ်။


11 Jun 2015     1,560 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style