ဂျပန်ရွေးကောက်ပွဲနေ့မှာ ၀င်ရောက်ခဲ့တဲ့ တိုင်ဖွန်းကြောင့် လူငါးဦးသေဆုံး
24 Oct 2017 1,449 Views

ဂျပန်နိုင်ငံမှာ အမျိုးသားရွေးကောက်ပွဲတစ်ခုကျင်းပတဲ့ တနင်္လာနေ့မှာ ၀င်ရောက် တိုက်ခတ်ခဲ့တဲ့ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြောင့် လူငါးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးနေပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သည်မုန်တိုင်းဟာ ပစိဖိတ်ကမ်းလွန် မြောက်ဘက်စူးစူးကိုဆက်ပြီး ရွေ့လျားသွားပါတယ်။ အင်အားပြင်းထန်ပြီးကြီးမားတဲ့မုန်တိုင်းအဖြစ်သတ်မှတ်ထားတဲ့ သည်တိုင်ဖွန်းလန် မ၀င်ရောက်ခင် ကမ်းရိုးတန်းတွေ၊ မြစ်တွေအနီးမှာနေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေ ကအကြံပြု ခဲ့ပြီး သည်မုန်တိုင်းဟာ တနင်္လာနေ့မနက်အစောပိုင်းမှာတော့ တိုကျိုနဲ့အနီးတစ်ဝိုက် ဒေသတွေကို တိုက်ခတ်ခဲ့ပါ တယ်။

သည်စနေ၊ တနင်္ဂနွေနှစ်ရက်လုံး ဂျပန်မှာ မိုးကြီးရွာသွန်းမှုကိုဖြစ်စေတဲ့ သည်မုန်တိုင်းဟာ တစ်နာရီကို ၁၆၂ ကီလိုမီတာ (မိုင်တစ်ရာ)နှုန်းနဲ့လေတိုက်ခတ်ခဲ့တယ်လို့ မိုးလေ၀သဌာနကပြောပါတယ်။ သည်တိုင်ဖွန်းကြောင့် တနင်္ဂနွေနေ့မှာ ဂျပန်အနောက်ပိုင်းဖူကူအိုကာက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုက ငြမ်းတစ်ခုပြိုကျခဲ့မှုကြောင့် လမ်းလျှောက်သွားနေတဲ့ အမျိုးသားတစ်ဦးထိခိုက်မိပြီး သေဆုံးသွားပါတယ်။ ဒါ့အပြင် အနောက်ပိုင်းက ယာမာဂူချီမှာလည်း အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးဟာ ပင်လယ်ထဲ ဒုက္ခရောက် နေတဲ့ သူ့စက်လှေပေါ်ကနေထွက်ခွာဖို့ အခြားစက်လှေတစ်စင်းရဲ့ကြိုးကို လှမ်းဆွဲချိန်မှာ ပင်လယ်ထဲထိုးကျပြီး သေဆုံးသွားတယ်လို့ ကမ်းရိုးတန်းစောင့်တစ်ဦးကပြောပါတယ်။
.jpg)
အိုဆာကာစီရင်စုမှာလည်း အသက်ရှစ်ဆယ်ဝန်းကျင်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ပွင့်ထွက်သွားတဲ့ တံခါးလိပ်အောက် ရောက်သွားကာသေဆုံးခဲ့သလို အသက်ခြောက်ဆယ်အရွယ်အမျိုးသမီးကြီးတစ်ဦးဟာလည်း တဝက်တပျက်နစ်မြှုပ်နေတဲ့ကားတွင်းမှာ သေဆုံးနေတာကိုတွေ့ရှိခဲ့တယ်လို့ဒေသ အရာရှိတွေကပြောပါတယ်။ အသက် ၂၉ နှစ်အရွယ်အမျိုးသားတစ်ယောက်ကိုလည်း အလယ်ပိုင်းမီရာစီရင်စုအတွင်း တဝက်တပျက် မြှုပ်နေတဲ့ ကားအတွင်း သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

သီးခြားဖြစ်ရပ်တစ်ခုမှာတော့ ဂျပန်ရဲ့အရှေ့ပိုင်း အီဘာရာကီစီရင်စုမှာ တနင်္ဂနွေနေ့က ငါးမျှားထွက် သွားတဲ့ ၆၁ နှစ် အရွယ် အမျိုးသားတစ်ယောက် ပျောက်ဆုံးနေပါတယ်။ နိုင်ငံအနှံ့ လူပေါင်း ၁၃၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NHK ကပြောပြီး ဗဟိုအစိုးရကတော့ အခုချိန်ထိ ထိခိုက်ဒဏ်ရာရသူ ၉၇ ရှိသွားပြီလို့ အတည်ပြုပေးထားပါတယ်။
Credit >>> kumudranews