BEC-TERO TV

Miss Universe Myanmar 2017 ကိုသွားရောက်ယှဉ်ပြိုင်မယ့် အလှမယ် ဇွန်သံဇဉ် ရဲ့ National Costume အကြောင်း

07 Nov 2017     1,830 Views


မကြာခင် Miss Universe Myanmar 2017 ကို သွားရောက်ယှဉ်ပြိုင်တော့မယ့် ဇွန်သံဇဉ် ဟာ ပြိုင်ပွဲကြီးမှာ အဓိက အရေးကြီး တဲ့ ပြိုင်ပွဲတခု ဖြစ်တဲ့ National Costume မှာ မြန်မာနိုင်ငံရဲ့ တူရိယာအစ္စည်း အစုဖြစ်တဲ့ မြန်မာ့ဆိုင်းဝိုင်းကြီးကို နိုင်ငံတကာ ကို ချပြမယ်လို့လဲ သိရပါတယ်။

ကမ္ဘာပေါ်တွင် မည်သည့်တိုင်းပြည်တွင်မှမရှိသော တူရိယာပစ္စည်း အစုအဖွဲ့မှာ မြန်မာ့ဆိုင်းဝိုင်းကြီး ဖြစ်ပါသည်။ ကုန်းဘောင်ခေတ်တွင်ပေါ်ပေါက်ခဲ့ပြီး မီးရောင်များအောက်က စင်မြင့်ပေါ်တွင် ခန့်ညားထည်ဝါသော မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးဖြစ်ပါသည်။ မြန်မာ့ရိုးရာတူရိယာဖြစ်သော မြန်မာ့ဆိုင်းဝိုင်းကြီးကို ရှေ့တည့်တည့်မှ မြင်ရသော မြင်ကွင်းကို ပုံဖော်ပြုလုပ်ထားခြင်းဖြစ်ပါသည်။ ရှေ့တည့်တည့်မှမြင်ရသော မြန်မာ့ဆိုင်းဝိုင်းကြီးမှ ပတ်ဝိုင်းကြီးပုံကို မယ်စကြာဝဠာမြန်မာအလှမယ် ဇွန်သံစဉ်မှ ပုဝါဖြင့်သိုင်းကာ လက်ဖြင့်ဆွဲယူ သယ်ဆောင်လာမည် ဖြစ်ပါသည်။ ပြီးမှနောက်ဘက်တွင် ခေါက်ယူလာသော ကြေးဝိုင်း၊ ပတ်မဝိုင်းနှင့် ပဉ္စရူပတို့ကို ဖြန့်ချပြသမည် ဖြစ်ပါသည်။

မြန်မာ့ဆိုင်းဝိုင်းကြီးပုံကို ဖြန့်ချပြသလိုက်သည့်အခါ ညာဘက်တွင် ကြေးဝိုင်းနှင့် မြန်မာ့ဆိုင်းဝိုင်း ဆိုင်းဘုတ်၊ ဘယ်ဘက်တွင် ပတ်မဝိုင်းနှင့် ပဉ္စရူပ၊ ၄င်းတွင်ချိတ်ဆွဲထားသော ပတ်မကြီးနှင့် မောင်းတို့ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ထိုတွေ့မြင်ရသော အစိတ်အပိုင်းများကို မြန်မာ့ရိုးရာလက်မှုရွှေခြည်ထိုးဖြင့် ဖန်တီးပြုလုပ်ထားပါသည်။ ပတ်ဝိုင်းကြီး၊ ကြေးဝိုင်း၊ ပတ်မဝိုင်းတို့ကို ကျွန်းသစ်ဖြင့် ဘောင်ပြုလုပ်ပြီး ထိုကျွန်းပြားပေါ်တွင် မြန်မာမှု မှန်စီရွှေချလက်မှုပညာများဖြင့် အလှဆင်ထားပါသည်။ ဝါးလက်ခုတ်၊ ယကွင်း၊ နှဲစသော မြန်မာ့ဆိုင်းဝိုင်းကြီးကို တီးသည့်အခါ ပါဝင်အားဖြည့်ရသည့် မြန်မာ့တူရိယာပစ္စည်းများကို မြန်မာ့ဆိုင်းဝိုင်းဆိုင်းဘုတ်အောက်တွင် ချိတ်ဆွဲပြသထားပါသည်။

ဆိုင်းဝိုင်းကြီးအား ဆိုင်းတီးပုံဖြင့် သရုပ်ဖော်ပြသပေးသူ မယ်စကြာဝဠာမြန်မာအလှမယ် ဇွန်သံစဉ်၏ ဝတ်စုံမှာ ကုန်းဘောင်ခေတ် မင်းသမီးများ၏ ဝတ်စုံကို မှီငြမ်းပြီး ဆန်းသစ်တီထွင်ဖန်တီးချုပ်လုပ်ထားပါသည်။ မင်းသမီးဝတ်စုံ၏ အဆင်တန်ဆာများကို မြန်မာ့လက်မှုရွှေခြည်ထိုးဖြင့် ပြုလုပ်ပြီး ရွှေသားစစ်စစ်များ ထည့်သွင်း အလှဆင်ထားပါသည်။ တိမ်တောင်ဆံထုံးကို အလှဆင်ထားသော ရွှေကနုတ်ပန်းခက်နှင့် ရွှေကြိုးတို့ကို ရွှေသားစစ်စစ်ဖြင့် ပြုလုပ်ထားပါတယ်လို့လဲ သိရပါတယ် ။

Credit:Miss universe Myanmar

 


07 Nov 2017     1,830 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment