ကော်ဖီချစ်သူများ အကြိုက်တွေ့စေမယ့် စမတ်ကော်ဖီခွက်
09 Nov 2017 2,220 Views

ကော်ဖီဆိုရင် ပူပူခါးခါးလေးမှ သောက်ချင်သူတွေအတွက် စမတ်ကော်ဖီ မတ်ခွက်အသစ်လေးတစ်လုံးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ..။

ကော်ဖီဆိုတာ ပူပူလေး သောက်မှ အရသာရှိတာမျိုးပါ။ ကော်ဖီတစ်ခွက်ဘေးနားချရင်း စာဖတ် အနားယူနေချိန် ဒါမှမဟုတ် ရုံးခန်းထဲမှာ အလုပ်တွေများနေချိန်မှာ ချက်ခြင်းဆိုသလို ကော်ဖီသောက်ဖို့ မေ့နေတတ်ပါတယ်။
ဒီလိုအချိန်မျိုးတွေမှာ သတိရလို့ ကော်ဖီခွက်ကို ကောက်ကိုင်ရင်း သောက်လိုက်တဲ့အခါ အေးစက်စက်ဖြစ်နေတာကို ကြုံဖူးကြမယ်ထင်ပါတယ်။

အသစ်အဆန်းတွေ တီထွင်တတ်တဲ့ အမေရိကန်ကုမ္ပဏီ Ember ကနေ ထုတ်လုပ်လိုက်တဲ့ စမတ်ကော်ဖီခွက်ဟာ ကော်ဖီရဲ့ အပူချိန်ကို ၈ နာရီကြာထိန်းပေးထားနိုင်ပါတယ်။ ဒါ့အပြင် စမတ် ကော်ဖီခွက်ဖြစ်တာကြောင့် Bluetooth မှတစ်ဆင့် မိုဘိုင်းလ် အပလီကေးရှင်းနဲ့ ချိပ်ဆက်ပြီး အပူချိန်ထိန်းညှိခြင်းတွေကို စိတ်ကြိုက်လုပ်ဆောင်နိုင်ပါတယ်။
အပြင်ပန်းက ကြည့်ရင်သာမန် မတ်ခွက်လေးတစ်လုံးလို့သာ ထင်ရပေမယ့် ခွက်ရဲ့အောက်ခြေမှာတော့ မကွဲနိုင်အောင် stainless steel နှစ်ထပ်ခံထားပြီး ကြွေသုတ်အလှဆင်ထားပါတယ်။ ခွက်ရဲ့အောက်ခြေအထဲမှာ အပူချိန်ကို တိုင်းတာနိုင်မယ့် မိုက်ခရိုပရိုဆက်ဆာထည့်သွင်းထားပါတယ်။

ခွက်ရဲ့အောက်ခြေမှာပါရှိတဲ့ LED မီးအရောင်ကိုလည်း App သုံးပြီး စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။ လိုချင်စဖွယ် စွဲမက်စရာကောင်းလှတဲ့ စမတ်ကော်ဖီခွက်လေးကို “Ceramic Mug” လို့ အမည်ပေးထားပြီး အမေရိကန်ဒေါ်လာ ၇၉.၉၅ နဲ့ ရောင်းချနေတာဖြစ်ပါတယ်။

Ember က ထုတ်လုပ်တဲ့ Ceramic Mag လေးနဲ့ ကော်ဖီသောက်ရင်တော့ ဘယ်အချိန်မဆို ကောဖီပူပူလေး အရသာမပျက်ပဲ သောက်နိုင်ပြီပေါ့နော်။
ဝယ်ယူလိုသူတွေအနေနဲ့ ဒီနေရာလေးကို နှိပ်ပြီး မှာယူနိုင်ကြပါပြီ။








