BEC-TERO TV

မင်္ဂလာလက်ဖွဲ့အတွက် ရွေးချယ်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်(၅)ချက်

10 Nov 2017     2,021 Views


အခုလိုဝါကျွတ်ချိန်ခါရောက်ပြီဆိုရင် မင်္ဂဆောင်ဖိတ်စာလေးတွေ အနည်းဆုံးတစ်စောင်လောက်တော့ ရောက်လာတတ်ကြမှာပေါ့နော်။ မင်္ဂလာဆောင်ဆိုတာ သက်ဆိုင်သူတွေရဲ့ ဘဝအမှတ်တရနေ့ တစ်နေ့ဖြစ်တာကြောင့် အဲ့ဒီလိုနေ့မျိုးမှာ ကိုယ့်ကိုယ်ပါ ဖိတ်ခေါ်တယ်ဆိုတော့ ဂုဏ်ယူစရာတစ်မျိုးပါပဲ။

မင်္ဂလာဆောင် ဖိတ်စာရပြီဆိုတာနဲ့ ပထမဦးဆုံး စဉ်းစားမိတာက ဒီမင်္ဂလာဆောင်ကို တက်မှာလား၊ မတက်ဘူးလား ဆိုတာပါပဲ။ တက်မယ်ဆိုရင်တော့ ပွဲတက်ဖို့အဝတ်အစားကအစ စဉ်းစားရပြီဖြစ်ပါတယ်။ ပွဲတက်တက်၊ မတက်တက် ဖိတ်စာရောက်လာပြီဆိုတာနဲ့ အစဉ်အလာအရ ကိုယ့်ဖက်က လက်ဖွဲ့ဖို့ တာဝန်ရှိလာပါတယ်။

လက်ဖွဲ့အတွက် ဘာဝယ်ရမလဲဆိုတာ စဉ်းစားရင်း စိတ်ညစ်မသွားပါနဲ့ဦး၊ အောက်ဖော်ပြပါ အချက်လေးတွေနောက်ကို လိုက်ပြီး စဉ်းစားသွားရင် အကောင်းဆုံး လက်ဖွဲ့ပစ္စည်းတစ်ခုကို ရွေးချယ်နိုင်သွားပါလိမ့်မယ်။
သတိပြုရမှာ တစ်ခုကတော့ ကိုယ့်ရဲ့မင်္ဂလာလက်ဖွဲ့ဟာ သတို့သားနဲ့ သတို့သမီး တို့အတွက် အထောက်ပံ့ကောင်းလေး တစ်ခုဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။

၁။ လက်ဖွဲ့အတွက် ပိုက်ဆံဘယ်လောက် သုံးသင့်လဲ

ဘယ်အရာပဲလုပ်လုပ် ငွေကြေးက ထိပ်ဆုံးကဖြစ်လို့ လက်ဖွဲ့အတွက် ကိုယ်ဘယ်လောက်ပိုက်ဆံ သုံးမလဲဆိုတာ အရင်ဆုံး သတ်မှတ်ရပါမယ်။ မင်္ဂလာမောင်နှံဟာ ကိုယ်နဲ့ ပိုပြီးရင်းနှီးလေလေ ပိုပြီးတန်ဖိုးကြီးကြီး လက်ဖွဲ့ရလေဖြစ်ပါတယ်။
ဥပမာ ကိုယ့်ရဲ့ ဆွေမျိုးမောင်နှမသားချင်း အတွက် မင်္ဂလာလက်ဖွဲ့ဟာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ မင်္ဂလာလက်ဖွဲ့ထက်တော့ တန်ဖိုးမြင့်မြင့် သတ်မှတ်ရမှာဖြစ်ပါတယ်။ ငွေကြေးသတ်မှတ်ပြီးပြီဆိုတာနဲ့ အဲဒီပမာဏနဲ့ လက်ဖွဲ့ပစ္စည်းကိုသာ စဉ်းစားလိုက်ရှာပါ။

၂။ ငွေကြေးပဲလက်ဖွဲ့တော့မလား

တစ်ချို့သူတွေကတော့ လက်ဖွဲ့ပစ္စည်းအတွက် ခေါင်းမစားချင်တော့လို့ ငွေကြေးပဲလက်ဖွဲ့တော့မယ်လို့ ဆုံးဖြတ်တတ်ပါတယ်။ ဒါဟာလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ မင်္ဂလာမောင်နှံရဲ့ ဘဝခရီးအစမှာ ငွေကြေးက လိုအပ်တာသေချာပါတယ်။

ငွေကြေးပဲလက်ဖွဲ့တော့မယ်လို့ ဆုံးဖြတ်တဲ့အခါ ပိုက်ဆံကို စာအိပ်ထဲထည့်ပြီး နံမည်တပ်ကာ လက်ဖွဲ့ကောင်တာမှာ သွားပေးလိုက်တာထက်စာရင် အဲဒီစာအိပ်ကို စက္ကူဗူးတစ်ခုထဲကိုထည့်၊ ပုံမှန်လက်ဖွဲ့ထုတ်တွေလို ထုတ်ပိုးပြီး ကောင်တာမှာ ပေးလိုက်တာမျိုးက ပိုပြီးစိတ်ချသေချာပါတယ်။ ဒါမှမဟုတ်ရင်တော့ သတို့သား သတို့သမီးလက်ထဲ ကိုယ်တိုင်လက်ရောက်ပေးနိုင်ပါတယ်။

၃။ သင့်တော်တဲ့လက်ဖွဲ့ပစ္စည်းကို ရွေးချယ်ပါ

လက်ဖွဲ့ပစ္စည်းမဝယ်မီမှာ ကိုယ်က မင်္ဂလာမောင်နှံနဲ့ အသိုင်းဝိုင်းနဲ့ ရင်းနှီးတယ်ဆိုရင် သူတို့ဘာလိုအပ်နေလဲဆိုတာ တစ်စေ့တစ်စောင်း မေးမြန်းအကဲခတ်ပြီး ဝယ်ယူပါ။ နောက်ထပ် သတိပြုရမှာက ဘာသာရေး၊ ဓလေ့ထုံးစံတွေ၊ သူတို့အကြိုက်လေးတွေနဲ့ ကိုက်ညီတဲ့ လက်ဖွဲ့ပစ္စည်းမျိုးကို ​ရွေးချယ်ပါ။

၎။ လက်ဖွဲ့ခြင်းသီးခံပါ

ဒီလိုမင်္ဂလာဆောင် ဖိတ်စာမျိုးရခဲ့ရင် လူအတော်များများ စိတ်လက်ပေါ့ပါးသွားတတ်ကြပါတယ်။ ဒီလိုဖိတ်စာမျိုးဆိုတာ မင်္ဂလာမောင်နှံက အားလုံးကို လာစေချင်လို့ တာဝန်မကြီးလေးအောင် ဖိတ်စာမှာ ထည့်သွင်းရေးသားခြင်ဖြစ်ပါတယ်။ လက်ဖွဲ့ပေးစရာမလိုဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး မဟုတ်ပါဘူး။
ဒီလိုမင်္ဂလာဆောင်မျိုး ဆိုရင်လည်း မင်္ဂလာမောင်နှံအတွက် လက်ဖွဲ့ပေးတာမျိုး ဒါမှမဟုတ် သူတို့ဆန္ဒရှိတဲ့ ပရဟိတအဖွဲ့လေးတွေကို မေးမြန်းပြီး မင်္ဂလာလက်ဖွဲ့အဖြစ် လှူဒါန်းပေးနိုင်ပါတယ်။

၅။ မင်္ဂလာဆောင်ကို မတက်ရောက်နိုင်တဲ့အခါ

အကြောင်းအမျိုးမျိုးကြောင့် မင်္ဂလာပွဲကို မတက်ရောက်နိုင်တဲ့အခါ၊ လက်ဖွဲ့လည်း မပို့ဖြစ်တဲ့ အခါမျိုးတွေမှာဆိုရင် Congratulations ကတ်လေးတွေပေးပို့တာကလည်း မင်္ဂလာမောင်နှံကို အသိမှတ်ပြုရာ ချီးမြင့်ရာရောက်ပါတယ်။

ဖော်ပြပါအချက်တွေကို သိရှိနားလည်ပြီဆိုရင်တော့ မင်္ဂလာဆောင် ဖိတ်စာရောက်လာတိုင်း ဘာလုပ်ရမလဲဆိုတဲ့ သောကတွေ ကင်းဝေးသွားမယ်လို့ မျှော်လင့်ပါတယ်။


 


10 Nov 2017     2,021 Views




RELATED

Most Popular of Special or Others

Most Popular of Life Style