BEC-TERO TV

တီဗီတစ်လုံး အကောင်းဆုံး ရွေးချယ်ဝယ်ယူနိုင်ဖို့ဆိုရင် ဒါတွေသိထားဖို့လိုမယ်

24 Nov 2017     2,037 Views


အကြောင်းအမျိုးမျိုးကြောင့် တီဗီအသစ်တစ်လုံး ဝယ်ဖို့စဉ်းစားနေသူများ မှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်ဖို့ သိရှိထားရမယ့် အချက်လေးတွေနဲ့ ဝယ်ယူသင့်တဲ့ တီဗီတံဆိပ်အမျိုးအစားတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။
 
 
ပစ္စည်းတစ်ခုခု ဝယ်တော့မယ်ဆိုရင် အရေးအကြီးဆုံးက (ဘတ်ဂျတ်) ငွေဘယ်လောက်သုံးမှာလဲ ဆိုတာ နံပါတ်တစ် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဘယ်လောက် ပိုက်ဆံသုံးမလဲဆိုတာကို ခဏလေး ကျော်လိုက်ပါဦး။ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်ရံကျရင် သိသင့်သိထိုက်တဲ့ အချက်လေးတွေ သိသွားတဲ့အခါ ပိုက်ဆံကွာဟမှု အနည်းအများနဲ့ ချိန်ညှိပြီး တစ်ကယ်ထိုက်တန်တဲ့ ပစ္စည်းကောင်းတစ်ခုကို ရွေးချယ်နိုင်သွားမှာဖြစ်လို့ပါ။


တီဗီအရွယ်အစား

 

ပုံမှန်အားဖြင့် တီဗီဝယ်ဖို့ အရောင်းစင်တာ ပြခန်းထဲ ဝင်သွားတဲ့အခါ ပထမဆုံးစဉ်းစားမိတာက လက္မဘယ်လောက်ဝယ်မှာလဲ..?
တတ်နိုင်ရင် လူတိုင်းနီးပါး လက္မကြီးကြီးလိုချင်ကြတာချည်းပါပဲ။ ဒီနေရာမှာ တီဗီထားမယ့် ကိုယ့်ရဲ့ အခန်းအကျယ်အဝန်းကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ တီဗီလက္မကြီးလေလေ တီဗီကြည့်သူနဲ့ ဝေးဝေးမှာ ထားရလေလေ ဖြစ်ပါတယ်။
 
ပုံမှန် အိမ်သုံး ၃၂ လက္မတီဗီ အတွက် ၄ ပေအကွာဝေးက ကြည့်ရှု့ရန်သင့်လျှော်ပါတယ်။
၄၀ လက္မဆိုရင် (၅ ပေ)၊ ၄၂ လက္မဆိုရင် (၅ ပေခွဲ) နဲ့ အကြီးဆုံး ၇၅ လက္မအတွက် (၁၀ ပေခွဲ) အကွာက အနီးဆုံးကြည့်ရှုရမှာ ဖြစ်လို့ ဆိုဒ်ရွေးချယ်ရာတွင် မိမိရဲ့ အခန်းအနေအထားကို မူတည်ပြီး စဉ်းစားသင့်ပါတယ်။
(မှတ်ချက်။  ။ လက္မ ၁၀၀ ကျော်တဲ့ တီဗီတွေလည်း ပေါ်နေပြီဖြစ်ပါတယ်)


LCD လား..? LED လား..?

ယနေ့လိုအနေအထားမျိုးမှာတော့ တီဗီအကုန်လုံးနီးပါးက LED နဲ့ပဲ ထုတ်လုပ်လာကြပြီမို့ LCD နဲ့ LED ရွေးချယ်ရမယ့်အပိုင်းကတော့ ပြဿနာ သိပ်မရှိတော့ပါဘူး။ ဒါပေမယ့် LCD နဲ့ LED ကွာခြားပုံလေးကို သိရတော့ ဘာကြောင့် LED ကို ရွေးချယ်သင့်တယ်ဆိုတာ အစာကြေသွားတာပေါ့နော်။
 
တစ်ကယ်တော့ LED Tv ဆိုတာ LCD Tv ရဲ့ နည်းပညာအတိုင်းပဲ ပြုလုပ်ထားတာဖြစ်ပြီး အဓိကကွားခြားသွားချက်ကတော့ Backlight လို့ခေါ်တဲ့ ပုံရိပ်ပေါ်စေဖို့အတွက် နောက်ခံအလင်းပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ အဲဒီကွာခြားချက်ကြောင့် တီဗီပေါ်မှာ ပေါ်လာတဲ့အရုပ်ရဲ့ အရောင်အရည်အသွေးဟာ ပြောင်းလဲသွားပါတယ်။ ဒါကြောင့်မို့ ရွေးချယ်မယ်ဆိုရင် LED ကိုသာ ရွေးချယ်သင့်ပါတယ်။

 

4K, Full HD, HD Ready လား...?

 

လက်ရှိနောက်ဆုံးပေါ် နည်းပညာအမြင့်ဆုံးကတော့ 4K Tv ပဲဖြစ်ပါတယ်။ တီဗီရဲ့ နည်းပညာဟာ အစဦးဖြစ်တာရယ် လူအတော်များများ လက်လှမ်းမမီတဲ့ ဈေးနှုန်းရယ်ကြောင့် ချန်လှပ်ထားပါရစေ။
(အကယ်၍ မိတ်ဆွေဟာ 4K Tv ကို ဝယ်မည့်သူဆိုရင်တော့ ဒီလမ်းညွှန်လေးကိုတောင် ဖတ်ဖို့မလိုတော့ပါဘူး၊ ဝယ်သာ ဝယ်လိုက်တော့လို့ တစ်ခါထဲ တိုက်တွန်းလိုက်ပါတယ်။
 

Full HD နဲ့ HD Ready


ဒီနှစ်မျိုးဟာ သာမန်လူတွေအဖို့ အနည်းငယ်ရောထွေးနိုင်စေသလို တီဗီအရောင်းဆိုင်မှ ဝန်ထမ်းများက မသိလို့ဖြစ်စေ၊ ပစ္စည်းရောင်းထွက်ချင်လို့ ဖြစ်စေ HD Ready အမျိုးအစားကို Full HD (HD Tv) လို့ ပြောပြီး ရောင်းတတ်တာကိုလည်း ကြုံတွေ့ရဖူးပါတယ်။

 

ဒီနှစ်မျိုးရဲ့ အဓိက ကွာခြားချက်ကတော့ အရုပ်အရည်းအသွေးပဲ ဖြစ်ပါတယ် HD Ready ဟာ (1280 x 720)pixel ဖြစ်ပြီး Full HD (သို့) HD Tv ကတော့ (1920 x 1080)pixel ဖြစ်ပါတယ်။
HD လား HD Ready လားဆိုတာ အလွယ်တစ်ကူ စစ်ဆေးနိုင်တဲ့အချက်ကတော့ တီဗီပေါ်မှာ ကပ်ထားတဲ့ စတစ်ကာမှာ ကြည့်ရင်သိနိုင်ပါတယ်။
HD Ready ဆိုရင် 720 လို့ ရေးထားပြီး HD ဆိုရင်တော့ 1080 လို့ ဖော်ပြထားပါတယ်။
 
တီဗီရုပ်ထွက် နည်းပညာဟာ 4K ထိ ရောက်လာပြီမို့ TV တစ်လုံးကို မိမိဝယ်လိုက်ပြီး သိပ်မကြာခင် ဒိတ်အောက်မသွားအောင် HD Tv လောက်တော့ စဉ်းစားဖို့ အကြံပေးလိုက်ပါတယ်။
 

 

Smart TV လား..? 3D Tv လား..? ရိုးရိုး HD Tv လား..?


Smart Tv ဆိုတာကတော့ အင်တာနက်တိုက်ရိုက်ချိပ်ဆက်နိုင်ပြီး တီဗီပေါ်ကနေတစ်ဆင့် အင်တာနက်သုံးတာ၊ YouTube ဗီဒီယိုတွေကြည့်တာ စသည်ဖြင့် အခြေခံအားဖြင့် ပြုလုပ်နိုင်ပါတယ်။ အခြေခံလို့ ပြောခြင်းမှာ တီဗီအမှတ်တံဆိပ်ပေါ်မူတည်ပြီး သက်ဆိုင်ရာ TV Applications တွေလည်း မတူညီတဲ့အတွက် အွန်လိုင်းချိပ်ဆက်ပြီး အများကြီးလုပ်နိုင်ပါတယ်။

 

မြန်မာပြည်ထဲမှာသုံးဖို့ ဝယ်သင့်ပါသလား..?
 
 
ကျွန်တော့ကိုမေးရင် မဝယ်သင့်သေးပါဘူး (ပိုက်ဆံသိပ်ပေါရင်တော့ ဝယ်ပေါ့နော်)။
မဝယ်သင့်သေးပါလို့ ပြောရတဲ့ အဓိကအကြောင်းရင်းကတော့ အင်တာနက်ကော်နက်ရှင်းကို Home Broadband အနေနဲ့ ချိပ်ဆက်ထားတာ မရှိရင် ပိုက်ဆံပိုကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ အကယ်၍ အိမ်မှာ Wi-Fi ယူထားရင်လည်း မြန်မာပြည်ကော်နက်ရှင် မြန်နှုန်းနဲ့ တစ်ကယ်စိတ်ပျက်စေမှာဖြစ်ပါတယ်။
 
နောက်ထပ်အရေးကြီးတာတစ်ခုကတော့ မြန်မာစာကို Smart Tv အတော်များများက အသိမှတ်ပြုထောက်ပံ့ပေးခြင်းမရှိသေးတဲ့အတွက် မြန်မာစာများ ရေးဖို့ ဖတ်ဖို့ အခက်ခဲရှိနိုင်ပါသည်။
 
နိုင်ငံတစ်ကာက မြန်မာစာအတွက် ယူနီကုဒ်စနစ်ကိုသာ အသိမှတ်ပြုထားသည့်အတွက် Smart Tv က ထောက်ပံ့ပေးရင်တောင် ယူနီကုဒ်စနစ်ဖြစ်လို့ ဇော်ဂျီနဲ့ရေးသားထားသည့်စားများ ဖတ်လို့ ရနိုင်လိမ့်မည် မဟုတ်ပါ။
အထက်ပါ အကြောင်းကြောင်းများကြောင့် Smart Tv ကို ဝယ်ဖို့ အားမပေးရသေးခြင်းဖြစ်ပါတယ်။
 

 

3D TV

 

နည်းပညာမြင့်ပါတယ်။
3D ကြည့်ဖို့ မျက်မှန်က အကန့်အသတ်(အများဆုံး နှစ်လက်)သာ ရတာမို့ မိသားစုဝင်များရင် အပိုထပ်ဝယ်ယူရပါမယ်။ တီဗီအစီစဉ်တွေက 3D နဲ့ လွှင့်တာမဟုတ်တဲ့အတွက် 3D ကြည့်ဖို့ဆိုရင် 3D ဇာတ်ကားခွေတွေ ဝယ်ယူရမှာဖြစ်ပါတယ် (ဈေးကြီးတယ်၊ ရှားပါးတယ်)။
ဒါကြောင့်မို့ HD Tv ကိုသာ ရွေးချယ်ဖို့ အကြံပြုပါရစေ။

 

TV Port (တီဗီအပေါက်များ)
 
HD (သို့) HD Ready တီဗီတစ်လုံးဝယ်ယူလိုက်ပြီ ဆိုပါက ဗီဒီယိုအဝင် HDMI နဲ့ Composite (နီဝါနက်) ကြိုးပေါက်တွေ၊ USB ပေါက်၊ Audio ပေါက်တွေ အားလုံးပါလာပြီးဖြစ်ပါတယ်။ Smart Tv မှာဆိုရင်တော့ အဲဒါတွေအပြင် HDMI 2, Ethernet port (အင်တာနက်ကြိုးပေါက်) တွေပါ ပါလာမှာဖြစ်ပါတယ်။
 
 
TV ဘာတံဆိပ်ဝယ်ရမလဲ..?
 
အားလုံးကိုတော့ နားလည်သွားပါပြီ ဒါပေမယ့် ဘယ်တံဆိပ်ကောင်းလဲဟင်..? လို့ မေးချင်တဲ့သူတွေအတွက် အကောင်းဆုံး အသင့်လျှော်ဆုံး TV Brand (၅)ခု အဆင့်အလိုက် နံပါတ်စဉ်တပ်ပြီး ဖော်ပြပေးလိုက်ပါတယ်။
 
1. SONY
2. Samsung
3. LG
4. Panasonic
5. Toshiba
 
ဖော်ပြပါ အမှတ်တံဆိပ်တွေကတော့ နံပါတ်စဉ်အလိုက် ကမ္ဘာ့အဆင့်ထိပ်ဆုံးမှာ ရှိနေတဲ့ Brand တွေ ဖြစ်ပြီး မြန်မာပြည်ထဲမှာလဲ အလွယ်တစ်ကူ ဝယ်ယူနိုင်ပါတယ်။
 
Electronic Device(လျှပ်စစ်အသုံးဆောင်) ပစ္စည်းတွေနဲ့ ပက်သက်လာရင် တတ်နိုင်သမျှ နောက်ဆုံးပေါ် နည်းပညာကို ချဉ်းကပ်ပါ။ နာမည်ကောင်းရပြီးသား အာမခံချက်ရှိတဲ့ Brand အမျိုးအစားကို ဖြစ်နိုင်ရင် ရွေးချယ်ပါ။ ဒါဆိုရင်တော့ အနည်းဆုံး နောက် ၅ နှစ်လောက် သင်စိတ်ချမ်းသာရမှာဖြစ်ပါတယ်။

(ပိုပိုလေး)


24 Nov 2017     2,037 Views




RELATED

Most Popular of Special or Others

Most Popular of Life Style