BEC-TERO TV

မိုနာကိုအသင်းကို အနိုင်ရရှိမှုနဲ့အတူ ရှုံးပွဲမရှိစံချိန်နဲ့အမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်နေတဲ့ PSG အသင်း

29 Nov 2017     1,335 Views


PSG အသင်းဟာ လီဂူးဝမ်းပွဲစဉ် (၁၄) ပွဲအထိယှဉ်ပြိုင်ကစားပြီးချိန်မှာ ရှုံးပွဲမရှိစံချိန်နဲ့ ဒုတိယနေရာမှ လိုင်ယွန်အသင်းကို ရမှတ် (၉) မှတ်အထိဖြတ်ပြီး၊ အမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်နေပါတယ်။
PSG အသင်းဟာ ယခုနှစ်ရာသီမှာကစားသမားအင်အားတောင့်တင်းမှုနဲ့အတူ ပြည်တွင်းပြိုင်ဘက်တွေထက် ပိုမိုသာလွန်တဲ့ စွမ်းဆောင်ရည်တွေပြသထားနိုင်တာဖြစ်ပါတယ်။ပွဲစဉ် (၁၄) အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ မိုနာကိုအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း လက်ရှိချန်ပီယံမိုနာကိုအသင်းရဲ့အိမ်ကွင်းမှာ (၂) ဂိုး (၁) ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။
 
PSG အသင်းအတွက်သွင်းဂိုးတွေကို ကာဗာနီနဲ့နေမာတို့ကသွင်းယူပေးခဲ့ပြီး၊မိုနာကိုအသင်း အတွက် ချေပဂိုးတစ်ဂိုးကိုတော့ ကွင်းလယ်ကစားသမား မော်တင်ညိုက သွင်းယူပေးခဲ့ပါတယ်။ PSG အသင်းကို တစ်ရာသီအငှားစာချုပ်နဲ့လာရောက်ကစားနေတဲ့ လူငယ်တိုက်စစ်မှုးအမ်ဘာပီအတွက်တော့ အသင်းဟောင်းမိုနာကိုအသင်းကို ပထမဆုံးပြန်လည်ရင်ဆိုင်ရတဲ့ ပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်။
PSG အသင်း ဟာ(၂၀၁၇-၂၀၁၈) ဘောလုံးရာသီအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံပွဲ (၂၀) မှာလည်း ရှုံးပွဲမရှိခဲ့ပဲ သရေပွဲ (၂) ပွဲနဲ့ နိုင်ပွဲ (၁၈) ပွဲအထိရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
 
မိုနာကိုအသင်းဟာ ယခု PSG အသင်းကိုရှုံးနိမ့်ခဲ့တာကြောင့် အဆင့်(၃)နေရာကိုရောက်ရှိသွားပြီး PSG အသင်းနဲ့(၉)မှတ်ထိကွာဟသွားပြီ ဖြစ်ပါတယ်။ PSG အသင်းဟာ ပြည်တွင်းလိဂ်မှာသာမက ဥရောပချန်ပီယံလိဂ်မှာလည်း အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနေပြီး၊ အုပ်စုပွဲစဉ် (၅) ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့ပါတယ်။ဒါ့အပြင် အဆိုပါပွဲစဉ် (၅) ပွဲမှာ သွင်းဂိုး (၂၄) ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး၊ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အုပ်စုပွဲစဉ်တွေအတွင်း သွင်းဂိုးအများ ဆုံးအသင်း အဖြစ်စံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။
 

29 Nov 2017     1,335 Views




RELATED

Most Popular of Football

Most Popular of Sport