BEC-TERO TV

စံချိန်သစ်တွေဆက်တိုက်ရေးထိုးနေတဲ့မန်စီးတီးအသင်း

29 Nov 2017     1,295 Views


မန်စီးတီးအသင်းဟာ နည်းပြဂွါဒီယိုလာရဲ့ဦးဆောင်မှုနဲ့အတူ ယခုနှစ်ရာသီမှာပုံစံကောင်းတွေပြသနေပြီး၊ စံချိန် သစ်တွေရေးထိုးနေပါတယ်။ယခုနှစ်ရာသီ ပြိုင်ပွဲအရပ်ရပ်မှာရှုံးပွဲမရှိသေးတဲ့ မန်စီးတီးအသင်းဟာ ဟက်ဒါဖီးလ်အသင်းကို(၂)ဂိုး (၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၃) အပြီးမှာ အသင်းရဲ့သမိုင်းတစ်လျှောက် အကောင်းဆုံးသော စံချိန် သစ်တွေကို ရေးထိုးနိုင်ခဲ့ပါတယ်။မန်စီးတီးအသင်းဟာ (၂၀၁၇) ခုနှစ်၊သြဂုတ်လ (၂၁) ရက်နေ့က အဲဗာတန် အသင်းကို တစ်ဖက် (၁) ဂိုးဆီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်အပြီး ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၈) ပွဲဆက် အနိုင်ရရှိခဲ့ပါတယ်။
 
ယခုစံချိန်ဟာ မန်စီးတီးအသင်းရဲ့သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံနိုင်ပွဲဆက်ခဲ့တဲ့ အမြင့်ဆုံး စံချိန်လည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ဟက်ဒါဖီးလ်အသင်းနဲ့အဝေးကွင်းနိုင်ပွဲအပြီးမှာ ပရီးမီးယားလိဂ် အဝေးကွင်း (၈) ပွဲဆက်အနိုင်ရရှိခဲ့သလို၊ပြိုင်ပွဲစုံ အဝေးကွင်း (၁၁) ပွဲဆက် နိုင်ပွဲစံချိန်ကိုထပ်မံ ရရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်း ရှုံးနိမ့်ခြင်းမရှိခဲ့တာဟာ (၂၁) ပွဲအထိရှိခဲ့ပြီဖြစ်ပြီး၊ပြိုင်ပွဲစုံ (၂၆) ပွဲဆက် ရှုံးပွဲ မရှိစံချိန်ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။မန်စီးတီးအသင်းဟာပရီးမီးယားလိဂ် (၁၃) ပွဲကစားပြီးချိန်မှာ (၁၂) ပွဲနိုင် (၁)ပွဲသရေနဲ့ ဒုတိယနေရာမှ မန်ယူအသင်းကို ရမှတ် (၈) မှတ်အထိဖြတ်ပြီး အမှတ်ပေးဇယားကိုဦးဆောင်ထားတာဖြစ်ပါတယ်။ဒါ့အပြင် ပရီးမီးယားလိဂ်ထိပ်သီးပြိုင်ဘက်အသင်းတွေဖြစ်တဲ့ ချယ်ဆီး၊အာဆင်နယ်၊လီဗာပူးလ် အစရှိတဲ့ထိပ်သီးပြိုင်ဘက်တွေနဲ့တွေ့ဆုံခဲ့ရာမှာလည်း (၃) ပွဲစလုံးကိုအနိုင် ရယူထားနိုင်ခဲ့ပါတယ်။
 
မန်စီးတီးအသင်းဟာ ဥရောပထိပ်တန်းလိဂ် (၅) ခုမှာ တိုက်စစ်စွမ်းဆောင်ရည်အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရသလို၊ရာသီကုန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းစားနေပြီး နည်းပြဂွါဒီယိုလာလက်ထက်မှာ ဘယ်လိုစံချိန်ကောင်းတွေကိုထပ်မံရရှိအောင်စွမ်းဆောင်သွားနိုင်မလဲ ဆိုတာ စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။
 

29 Nov 2017     1,295 Views




RELATED

Most Popular of Football

Most Popular of Sport