BEC-TERO TV

ဘီယာဆိုင်တွင်ရိုက်နှက်ခံရသော သံဃာတော်ကိစ္စ အမှန်တရားပေါ်ပေါက်ရန် သတင်းစာရှင်းလင်း

05 Dec 2017     1,280 Views


နိုဝင်ဘာလ(၂၈) ရက်နေ့က ထောက်ကြန့်လမ်းဆုံအနီး လမင်းသာ(၂) စားသောက်ဆိုင်တွင် ဆရာတော်တစ်ပါး (ဦးဣန္ဒက)အား ဝိုင်းဝန်းရိုက်နှက် အကြမ်းဖက်ခံရသည့် ကိစ္စအား အမှန်တရားပေါ်ပေါက်စေရန် ဖြစ်စဉ်နှင့်ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရမ်းဗြဲမြို့နယ်အသင်း(ရန်ကုန်)က ဦးဆောင်ပြီး ဒီဇင်ဘာလ(၄)ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရေတာရှည်လမ်းဟောင်းရှိ သမ္မတသင်္ဃန်းတိုက်တွင် ပြုလုပ်ခဲ့သည်။
 


သတင်းစာရှင်းလင်းပွဲတွင် ဆရာတော်ဦးဣန္ဒက အပါအဝင် ပုသိမ်မြို့မှ ဆရာတော်ဘဒ္ဒန္တခေမိန္ဒ၊ ဦးသုဝဏ္ဏ၊ ဦးဝိသာရဒ။ ဓမ္မပါလဆရာတော် ဦးဣန္ဒာဝုဓနှင့် သံဃာတော်အပါး (၃၀) ခန့်တက်ရောက်ခဲ့ကြသည်။


ပုသိမ်မြို့မှ ဆရာတော်ဘဒ္ဒန္တခေမိန္ဒက အကြမ်းဖက်ရိုက်နှက်ခံရသော ဆရာတော်ဦးဣန္ဒကသည် ရမ်းဗြဲမြို့ဇာတိဖြစ်ပြီး ဇာတိတူသူဖြစ်သကဲ့သို့ စာဝါများအတူတက်ခဲ့ဘူးပြီး ဓမ္မာစရိယတန်းထိတက်ခဲ့ဖူးသော သံဃာအစစ်ဖြစ်ကြောင်း၊ ရမ်းဗြဲကျွန်းရှိ သိန်းပေါင်းများစွာတန်သော ကျောင်းကို တပည့်ဖြစ်သူထံလွှဲပြောင်းပေးကာ ၂၀၁၆ ခုနှစ်တွင် ရန်ကုန် လှည်းကူးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာသို့ ပြောင်းရွေ့သီတင်းသုံးနေသည့် သံဃာတစ်ပါးဖြစ်ပြီး စာပေကျမ်းဂန်များ ပြုစုရေးသားနေသော ဆရာတော်တစ်ပါးဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် စိတ်မကောင်းဖြစ်ကာ ငိုကျွေးခဲ့ပါတယ်။



ဆရာတော်ရိုက်ခံရသည့်နေ့က ငွေကျပ်(၇)သိန်းပါလာပြီး ၂ သိန်းကို ကမ္ဘောဇဘဏ်တွင်အပ်နှံပြီး ထွက်လာခဲ့စည် ဆေးသောက်ရန်အတွက် လမင်းသာ(၂) ဆိုင်ထဲဝင်ပြီး ရေနွေးကြမ်းတောင်းသောက်ရာမှ အကြမ်းဖက်ရိုက်နှက်ခံခဲ့ရပြီး ငွေကျပ်(၅)သိန်းမှာလည်း ပျောက်ဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆရာတော်အနေနဲ့ ဖြစ်ခဲ့သမျှအရာအားလုံးကို ခွင့်လွှတ်သည်ဟု မိန့်ကြားခဲ့သော်လည်း သာသနာတော်ကို စော်ကားတဲ့သူတွေကို မိမိတို့အနေနဲ့ ခွင့်လွှတ်မည်မဟုတ်ကြောင်း ရမ်းဗြဲမြို့နယ်အသင်းဥက္ကဌ ဦးစိုးဝင်းက ပြောကြားခဲ့ပါတယ်။



ထို့အပြင် အွန်လိုင်းပေါ်တွင် မဟုတ်မမှန်ရေးသားပြောဆိုနေသူများကိုလည်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆရာတော်ခံဝန်ချက်ထိုးထားခဲ့သည့် ကိစ္စနှင့်ပက်သက်၍ ခံဝန်ချက်ထိုးခိုင်းသော ဆရာတော်သည် ရိုက်နှက်ခံရသော ဆရာတော် ဦးဣန္ဒကအား မည်သည့်မေးခွန်းမှ မေးမြန်းခြင်းမရှိပဲ “အရက်သောက်သည့်ဘုန်းကြီး ခံရမှာပေါ့” ဟုဆိုကာ ဝိုင်းဝန်းပြစ်တင်ကာ ခံဝန်ချက်ထိုးခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ ခံဝန်ချက်ထိုးချိန်တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ မပါရှိသဖြင့် ခံဝန်ချက်ထိုးထားသောစာအား ပြန်တောင်းထားသော်လည်း ပြန်ရရှိခြင်းမရှိသေးကြောင်း ပြောဆိုခဲ့သည်။

ခံဝန်ချက်ထိုးပြီးနောက် ဆရာတော်အား ထောက်ကြန့် မှော်ဘီအထွက်လမ်းသို့ လမ်းအမှားပို့ပေးခဲ့သဖြင့်  ဘုရားသုံးဆူကျောင်းသို့ ည(၇)နာရီကျော်မှ ပြန်ရောက်ရှိခဲ့ကြောင်း သတင်းစာရှင်းလင်ပွဲတွင် ပြောကြားခဲ့သည်။



ဆရာတော်ရိုက်ခံရသည့်ကိစ္စနှင့်ပက်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာများစိစစ်ရေးကော်မတီမှ လွှတ်တော်အစည်းအဝေး ပြုလုပ်ပြီးနောက် ကော်မတီ အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ကွင်းဆင်းစုံစမ်းမှု စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။



ဆရာတော်ဦးဣန္ဒကသည် လှည်းကူးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာ ရမ္မာဝတီကျောင်းတိုက်မှ သက်တော်(၆၉) ဝါတော်(၄၈)ဝါရှိ သံဃာတော်တစ်ပါးဖြစ်ကြောင်း ဒီမိုကရေတူဒေးနှင့် အွန်လိုင်းသတင်းများအား ကောက်နုတ်စုစည်း ဖော်ပြပါသည်။


သတင်းဓါတ်ပုံ- Anawar Soemoe.Kyaw Swar Myint
 


05 Dec 2017     1,280 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS