BEC-TERO TV

ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း စောငမန်းသွားဖြင့်ကိုက်ကြောင်း တိုင်ကြားခံရပြီး ဒေ့ဗ်နှင့်ပွဲ ပျက်ပြယ်

06 Dec 2017     1,464 Views


မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံဟောင်း စောငမန်းသည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သော WLC-3 ပွဲစဉ်တွင် “သွားနှင့်ကိုက်ခဲ့ကြောင်း ပြိုင်ဘက် ဩစတြေးလျလက်ဝှေ့သမားက တိုင်ကြားခဲ့သောကြောင့် ဒေ့ဗ်နှင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသောပွဲမှာ ပျက်သွားခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင် ကပြောသည်။

မြန်မာ့ရိုးရာလက်ဝှေ့လောကတွင် သွားနှင့်ကိုက်၍ တိုင်ကြားခံရမှုသည် ယခုတစ်ခါ ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရမည်ဖြစ်သောကြောင့် စောငမန်းနှင့် ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်ဒက်တို့ပွဲစဉ်ကို ယခင်သတ်မှတ်ထားသည့်ရက်တွင် စီစဉ်ရန်မဖြစ်နိုင်တော့ကြောင်း သိရသည်။
ရိုးရာလက်ဝှေ့ မြန်မာပြည်ချန်ပီယံဟောင်း စောငမန်းသည် ပြီးခဲ့သော နိုဝင်ဘာ ၄ ရက်ကကျင်းပခဲ့သည့် WLC-3 ပြိုင်ပွဲတွင် ဩစတြေးလျလက်ဝှေ့သမား အက်ဒီဖာရယ်နှင့် အထူးငါးချီစိန်ခေါ်ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး စောငမန်းက အမှတ်ဖြင့်အနိုင်ရရှိခဲ့သည်။

ထိုပွဲစဉ်နှင့်ပတ်သက်၍ ပြိုင်ဘက်လက်ဝှေ့သမားက ပြိုင်ပွဲအပြီး၌ ၎င်း၏လက်ရှိ သွားဖြင့်ခြစ်ခံထားရသည့် ဒဏ်ရာများကိုပြ၍ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဝန်ကြီးထံတင်ပြထားကာ ခွင့်ပြုချက်ပြန်မကျလာသေးသဖြင့် ကြန့်ကြာနေခြင်းဖြစ်ကြောင်း၊ နှစ်ဖက်လက်ဝှေ့သမားများကိုခေါ်ယူ၍ စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးမှုများကို ဗီဒီယိုမှတ်တမ်းများအားကြည့်ရှု၍ စစ်ဆေးသွားမည်ဖြစ်ပြီး နှစ်ရက်အတွင်း အပြီးသတ်စစ်ဆေးနိုင်မည်ဖြစ်ကြောင်းနှင့် အပြစ်ရှိပါက ပွဲပယ်ပြစ်ဒဏ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ဦးသိန်းအောင်ကပြောသည်။


"စောငမန်းက ပွဲစဉ်တစ်လျှောက်လုံး သွားဖုံးအုပ်ကို မကိုက်ထားဘူးတဲ့။ မကိုက်ထားတော့ သူတို့ လူချင်းပူးတဲ့အခါမှာ သူ့ကိုကိုက်တယ်ပေါ့။ အက်ဒီဖာရယ်က တိုင်ထားတာ။ အဲဒါကတစ်ချက်။ နောက်တစ်ခုက အမှတ်နဲ့တွက်တဲ့အခါမှာ တကယ်တော့သူနိုင်တယ်ပေါ့။ အဲဒါတွေကို စစ်ဆေးပေးပါဆိုပြီး တိုင် ထားတာဖြစ်တယ်။ ကျန်တော်တို့ကတော့ စောငမန်းကိုတော့ စစ်ဆေးရမယ်လို့ ခေါ်ပြောထားပြီးဖြစ်တယ်။ အဖွဲ့ချုပ်ကလည်း ပြေလည်အောင်စစ်ပေးမယ်ဆိုပြီး တစ်ဘက်လက်ဝှေ့သမားကို ပြောထားတယ်။ ဒီတစ်ခုကမပြီးသေးဘူး၊ နောက်တစ်ခုကပေါ်လာရင်ရှုပ်ကုန်မယ်။ အဲဒါကြောင့် အေဒေ့ဗ်နဲ့ပွဲက မဖြစ်တော့တာပါ"ဟု ဦးသိန်းအောင်က ပြောသည်။

စောငမန်းသည် ထိုပြိုင်ပွဲအပြီးတွင် ကြိုးဝိုင်းပေါ်မှာပင် ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ဒေ့ဗ်နှင့် ယှဉ် ပြိုင်ထိုးသတ်လိုကြောင်း စိန်ခေါ်စကားဆိုခဲ့သောကြောင့် လာမည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ တွင် ဒေ့ဗ်နှင့်ပွဲစဉ်ကို စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြည်မြန်မာတွင် ဖော်ပြပါရှိသည်။


06 Dec 2017     1,464 Views




RELATED

Most Popular of Boxing

Most Popular of Sport