ဇင်ဘာဘွေတွင် သမ္မတမူဂါဘီအလွန် ငွေသားပြတ်လပ်မှု ကြုံနေရ
06 Dec 2017 1,436 Views

သမ္မတမူဂါဘီနှုတ် ထွက်ပြီးနောက် သမ္မတသစ်မနမ်ဂါဂွာက ဇင်ဘာဘွေအစိုးရကို စတင် ဦးဆောင်နေပြီဖြစ်ပေမဲ့ ဇင်ဘာဘွေနိုင်ငံသားတေ ကတော့ သမ္မတမူဂါဘီလက်ထက် ကတည်းက ကြုံတွေ့နေရတဲ့ ငွေသားပြတ်လပ်မှုတွေ ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ဇင်ဘာဘွေနိုင်ငံက အခြေခံလူတန်းစားတွေဟာ ငွေသားရှာဖို့မလွယ်ကူတဲ့ ပြသာနာကို ကြုံတွေ့နေရပါတယ်။ သမ္မတဟောင်း ရောဘတ်မူဂါဘီ ပြီးခဲ့တဲ့တစ်ပတ်မှာ နှုတ်ထွက်ပြီးနောက် ဇင်ဘာဘွေပြည်သူတွေမှာ မျှော်လင့်ချက်တွေရှိနေကြပေမဲ့ ငွေပေါ် မလွယ်တဲ့ပြသာနာကိုတော့ ကြုံတွေ့နေရဆဲဖြစ်ပါတယ်။
ငွေကြေးဖောင်းပွမှုနှုန်း အဆမတန်မြင့်တက်ခဲ့တာကြောင့် ဇင်ဘာဘွေ နိုင်ငံဟာ (၂၀၀၉)ခုနှစ်မှာ နိုင်ငံသုံးငွေကြေးကို အသုံးမပြုတော့ဘဲ အမေရိကန်ဒေါ်လာငွေနဲ့ တောင်အာဖရိက ရန်ငွေတို့ကို အသုံးပြုခဲ့ပေမဲ့ ဇင်ဘာဘွေနိုင်ငံသားတွေအနေနဲ့ နေ့စဉ်လိုအပ်ချက်တွေကို ၀ယ်ဖို့တောင် အခက်အခဲတွေ့နေဆဲပါ။လက်ရှိဇင်ဘာဘွေသမ္မတ အမ်မာဆန် မနမ်ဂါဂွာက သူ့ရဲ့ကျမ်းသစ်္စာ ကျိန်ဆိုမှုအပြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ နိုင်ငံသားတွေ အနေနဲ့ သူတို့ရဲ့ဝင်ငွေကို ငွေသားအနေနဲ့ ရရှိတော့မှာဖြစ်တယ်ဆိုပြီး ကတိပြုပြောဆိုခဲ့ပါတယ်။
ဇင်ဘာဘွေအရေးသုံးသပ် သူတွေကတော့ သမ္မတ မနမ်ဂါဂွာက ငွေကြေး အကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ နိုင်ငံတွင်းကို ကုန်ပစ္စည်းတွေ တင်သွင်းနိုင်ဖို့ လုပ်ဆောင်ပေးနေပေမဲ့ ငွေကြေးအကျပ်အတည်း ဘယ်အချိန်မှာ ပြီးဆုံးမလဲဆိုတာကိုတော့ မခန့်မှန်းနိုင်ဘူးလို့ သုံးသပ်ပြော ဆိုပါတယ်။ ဇင်ဘာဘွေနိုင်ငံသားတွေက ငွေကြေးကို မှောင်ခိုဈေးကွက်ကရရှိနိုင်ပေမဲ့ ငွေလဲနှုန်းမြင့်နေပြီး တရားဝင်ငွေကြေး ရနိုင်တဲ့နေရာတွေမှာတော့ ငွေလဲနှုန်းပိုမြင့်တယ်လို့ ပြောပါတယ်။ နိုင်ငံသားအများစုကတော့ နိုင်ငံရဲ့စီးပွားရေးနဲ့ပတ်သက်လို့ ယုံကြည်မှု ကျဆင်းနေပါတယ်။