ဆိုင်ကလုန်းမုန်တိုင်း အော့ခိုင်း မွန်ဘိုင်းမြို့ကို ၀င်ရောက်တိုက်ခတ်နိုင်
07 Dec 2017 1,453 Views

ဆိုင်ကလုန်းမုန်တိုင်းအော့ခိုင်း ၀င်ရောက်တိုက်ခတ်ဖွယ်ရှိနေတာကြောင့် မွန်ဘိုင်းမြို့နဲ့ အနီးတစ်ဝိုက်မှာ မိုးကြီးနိုင်ပြီး မိုးထစ်ချုန်းရွာဖွယ်ရှိနေတယ်လို့ အိန္ဒိယမိုးလေ၀သဌာနက တနင်္လာနေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မုန်တိုင်းမ၀င်ရောက်ခင် မွန်ဘိုင်းမြို့နဲ့ အနီးတစ်ဝိုက်မှာ တိမ်ထူနေတာကြောင့် မိုးရွာသွန်းမှုပိုများနေပါတယ်။ မုန်တိုင်းဝင်တိုက်ဖွယ်ရှိနေတာကြောင့် မွန်ဘိုင်းနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ ကျောင်းတွေကို ပိတ်ထားဖို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားပါတယ်။ မုန်တိုင်းကြောင့် လှိုင်းကြီးနိုင်တဲ့အတွက် ပင်လယ်ကမ်းခြေဒေသတွေကို သွားရောက်လည်ပတ်တာတွေမလုပ်ကြဖို့ အိန္ဒိယသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့က သတိပေးထားပါတယ်။
မိုးလေ၀သဌာနကတော့ မုန်တိုင်းကြောင့် လေတိုက်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ (၅၀)ကနေ(၆၀) အထိရှိနိုင်တယ်လို့ ဆိုပါတယ်။ ကမ်းရိုးတန်းဒေသတွေမှာတော့ လေတိုက်နှုန်းတစ်နာရီကို ကီလိုမီတာ (၇၀) လောက် အထိရှိနိုင်ပြီး မုန်တိုင်းက နောက်ထပ် (၂)ရက်အတွင်း အားပျော့သွားဖွယ်ရှိတယ်လို့ အိန္ဒိယမိုးလေ၀သဌာနက ခန့်မှန်းပြောဆိုထားပါတယ်။ မုန်တိုင်းကြောင့် ဒီရေဟာ(၅)မီတာအကျော်လောက် မြင့်တက်လာဖွယ်ရှိနေလို့ ကယ်ဆယ်ရေး စခန်းတွေအနေနဲ့ ကျောင်းပေါင်း(၇၀)ရဲ့စုဝေးခန်းကို သတ်မှတ်ထားပြီးဖြစ်တယ်လို့ အိန္ဒိယ သဘာဝ ဘေးဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့ကပြောပါတယ်။ မီးရထားအာဏာပိုင်တွေကလည်း ရထားလမ်းပေါ် ရေကျော်လာဖွယ်ရှိနေတယ်လို့ မီးရထားစက်ခေါင်း မောင်းသူတွေကို ကြိုတင်အကြောင်းထားတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
https://www.facebook.com/GoodMorningMyanmarLive/videos/2175947282431390/