BEC-TERO TV

သိန်း ၁၀၀ ကျော်တန်ရွှေထည်များ ခိုးယူခဲ့သူ အသက်(၇၃)နှစ်အဖွားအိုအား ဖမ်းဆီး

08 Dec 2017     1,366 Views


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ ငွေကျပ်သိန်း(၁၀၀)ကျော်တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သော အသက်(၇၃)နှစ်အရွယ် အဖွားအိုတစ်ဦးအား ရဲတပ်ဖွဲ့မှ သုံးရက်အတွင်း ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့သည်။


ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ပုသိမ်မြို့ အမှတ်(၄)ရပ်ကွက်၊ ဈေးချောင်းလမ်းရှိ မေရတနာရွှေဆိုင်၌ ဆိုင်ဖွင့်ကာစ ဆိုင်တွင်ခင်ကျင်းရန် ပိုင်ရှင် ဦးမောင်မောင်က အိမ်မှယူဆောင်လာသော ရွှေထည်ပစ္စည်းဗူးအား မှန်ကောင်တာပေါ်သို့ ခေတ္တတင်ထားခဲ့သည်။
ထိုအချိန်တွင် အသက်(၇၀) ဝန်းကျင် အမျိုးသမီးကြီးတစ်ဦး ဆိုင်ကိုရောက်ရှိလာကာ လက်စွပ်တစ်ကွင်းဝယ်လိုကြောင်း ပြောသဖြင့် ခတ္တစောင့်စိုင်းခိုင်ကာ ဆိုင်ကို ဆက်လက်ခင်းကျင်းခဲ့သည်။
မရှေးမနှောင်းပင် ကလေးအတွက် လက်စွပ်လာဝယ်သူတစ်ဦးရောက်လာသဖြင့် ချိန်တွယ်ရောင်းချပြီးနောက် သတိရသဖြင့် ပြန်ကြည့်လိုက်ရာ ရွှေထည်ပစ္စည်းဗူးနဲ့အတူ အမျိုးသမီးကြီးပါ မရှိတော့ကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် ဆိုင်တွင်တပ်ထားသော CCTV ကို ပြန်လည်စစ်ဆေးကြည့်ရာ အမျိုးသမီးကြီးက ရွှေထည်ပစ္စည်းပါသော ဗူးကိုခိုယူသွားကြောင်းတွေ့ရှိရသဖြင့် လူမှုကွန်ယက်ပေါ်တွင် အကူညီတောင်းခံခဲ့ပြီး ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။


ရဲအဖွဲ့မှ ထပ်ဆင့် ထပ်ဆင့်စုံစမ်းစစ်ဆေးခဲ့ရာ အမျိုးသမီးကြီးမှာ ပေါင်မြို့နယ် ပန်းကုံးကျေးရွာတွင်နေထိုင်သူ အသက်(၇၃)နှစ်အရွယ် ဒေါ်အမာကြည် ဆိုသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် သွားရောက်ဖမ်းဆီးကာ ပုသိမ်မြို့သို့ခေါ်ဆောင်လာခဲ့ပြီး အမှုကိုစစ်ဆေးခဲ့သည်။

အစပထမတွင် အမျိုးသမီးကြီးမှ အကျောက်အကန်ငြင်းဆန်ခဲ့သဖြင့် စီစီတီဗီကို ပြန်လည်ဖွင့်ပြရာ မငြင်းနိုင်တော့ပဲ ဝန်ခံခဲ့သည်။
ဝန်ခံချက်အရ ဒေါ်အမာကြည်မှာ ဟင်္သတဇာတိဖြစ်ပြီး သားသမီး (၆)ဦးတို့၏ မိခင်ဖြစ်ပြီး ၄ တန်းထိသာ ပညာသင်ကြားခဲ့ရပြီး ပန်းကုန်းကျေးရွာတွင် ရာဘာစိုက်ပျိုးခြင်းဖြင့် အသက်မွေးသူဖြစ်သည်။


နိုဝင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ အာရှတော်ဝင် ဆေးခန်းသို့ ဆေးကုသရန်လာခဲ့ရာ သမားတော်ကြီးက နိုင်ငံခြားသွာနေ၍ ၎င်းဆေးရုံမှာ ညအိပ်စောင့်နေပြီး ၂၈ ရက်နေ့ မနက်စောစောတွင် ကံထူးအောင်ကားနှင့် ပုသိမ်မြို့သို့ လိုက်လာခဲ့ရာ ၉ နာရီခန့်အချိန် ခန့်ပုသိမ်မြို့သို့ရောက်ရှိခဲ့သည်။ ရွှေမုဠောဘုရားတက်ဖူးပြီး ဈေးဘက်လျှောက်လာရင်း ဈေးခင်းနေသောရွှေဆိုင်တဆိုင်အားတွေ့ရ၍ လက်စွပ်ဝယ်မည်ဟု ပြောခဲ့ရာ ဆိုင်ဖွင့်နေဆဲဖြစ်၍ခဏစောင့်ရန်ပြော၍စောင့်နေချိန်တွင် ရွှေဝယ်လာသူတဦးရောက်လာသဖြင့် ဆိုင်ရှင်မှချိန်တွယ်ရောင်းနေချိန် မှန်ဘီဒိုပေါ်တင်ထားသော ရွှေဗူးအားခိုးယူပြီး ကြုံရာကားများဖြင့် ရွာသို့ရောက်အောင် ပြန်လာခဲ့သည
ရွာရောက်လျှင်သားသ္မီးများမသိအောင် ရွှေနားကပ်များအား ဖိုက်ဘာကပ်များဖြုတ် မိမိအိမ်မှ ကော်ဗူးတွင်းပြောင်းရွှေ့ထည်ပြီး ညဘက် မည်မှမသိအောင် နေအိမ်နောက်ဖက် ချောင်းဘေးအမှိုက်ပုံ ခတက်ပင်အောက်တွင် တူးမြုတ်၍ထားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။


ဝန်ခံချက်အရ ရွှေရည် ၁၄ ပဲ ကျောက်ပါရွှေနားကပ် ၅၈ ရံ၊ ကျောက်ပါရွှေချိန် ၅ ကျပ်သား ၁၁ ပဲ ၅ ရွေး ရွှေသားနားကပ် ၉၄ ရံ၊ ရွှေရည် ၁၅ ပဲ စုစုပေါင်ရွှေချိန် ၅ ကျပ်သား ၅ ပဲ ၅ ရွေး ရွှေလက်စွပ် ၁၂ ကွင်း၊ ပေါင်းရွှေချိန် ၆ ပဲ ၃ ရွေး ရွှေရည် ၁၄ ပဲဆွဲကြိုးချိပ် ၂ ခု၊ ရွှေချိန် ၅ရွေး ၁ စိတ် ရွှေရည် ၁၅ ပဲတို့အား ပြန်လည်တူးဖော်ခဲ့ပြီး သက်သေခံပစ္စည်းများအဖြစ် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ သိမ်းဆည်းကာ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 


08 Dec 2017     1,366 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS