ရန်ကုန်လိုင်စင်အပ်ကားတွေကိုသာ ရန်ကုန်စလစ်ထုတ်ပေးတော့မည်
15 Dec 2017 1,610 Views

စလစ်တိုင်းရန်ကုန်လိုင်စင်ရတော့မှာမဟုတ်တော့ဘဲ ရန်ကုန်လိုင်စင်နဲ့အပ်ကားတွေကိုသာ ရန်ကုန်စလစ် ထုတ်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။နယ်က အရည်ကျိုကားတွေကို ရန်ကုန်လိပ်စာနဲ့ စလစ်ထုတ်ပေးနေတာတွေကြောင့် မလိုအပ်ဘဲ နယ်ကားတွေ ရန်ကုန်ကိုတရားမ၀င်ဝင်ရောက်နေတဲ့ကိစ်္စတွေကို စိစစ်ပေးဖို့ အစီအစဉ်ရှိ၊မရှိကို မင်္ဂလာတောင်ညွန့်မြို့နယ် အမတ် ဦးရန်အောင်က မေးမြန်းခဲ့တာပါ။`
ရန်ကုန်တိုင်းဒေသကြီးမဟုတ်ဘဲ တခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ယာဉ်အိုယာဉ်ဟောင်း အပ်နှံတာကို ရန်ကုန်တိုင်းလိုင်စင်နဲ့ စလစ်ထုတ်ယူနေတာရှိနေတာတွေကို သိရှိထားတယ် လို့လည်း ဒီဇင်ဘာ(၁၃)ရက် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဒေါ်နီလာကျော်က ပြောပါတယ်။ ဒီမေးခွန်းရရှိတဲ့ အချိန်ကစလို့ ဒါတွေကိုစစ်ဆေး ဆောင်ရွက်နေပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီဌာနအနေနဲ့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အစားထိုးတင်သွင်းတဲ့ ယာဉ်တွေ(စလစ်ကပ်)ကားတွေကို ရန်ကုန်တိုင်းဒေသကြီးက အပ်နှံတဲ့ယာဉ်ကိုသာ ရန်ကုန်စလစ်ထုတ်ပေးဖို့ စတင်စီစဉ်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ၀န်ကြီးကပြောကြားလိုက်တာပါ။

ဒါ့ပြင် SKD (ခေါ်) ပြည်ပမှတစ်စိတ်တစ်ပိုင်းတင်သွင်းထုတ်လုပ်တဲ့ယာဉ်တွေ၊ပြည်တွင်းထုတ် ယာဉ်တွေနဲ့ပတ်သက်လို့ ပြည်ထောင်စုနဲ့သီးခြားကန့်သတ်ညှိနှို်င်းနေတယ်လို့ ၀န်ကြီးဒေါ်နီလာကျော်က ပြောကြားခဲ့ပါတယ်။ယခင် ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်အရ ၂၀၁၅ကစလို့ လိပ်စာပြောင်း နယ်ဝင်လျှောက်ထားမှုတွေကို ကားပါကင်ထောက်ခံချက်ရရှိမှ ဆောင်ရွက်ပေးဖို့ အကြောင်းကြားလာလို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီဌာနက လိပ်စာမှန်နေရာအစား ကားပါကင်ရှိကြောင်းထောက်ခံချက်နဲ့ နယ်ဝင်လက်ခံဆောင်ရွက်ပေးတာကို ၂၀၁၆ခုနှစ်ဧပြီလကတည်းက ရပ်ဆိုင်းခဲ့တယ်လို့လဲဝန်ကြီးက ပြောကြား ခဲ့ပါတယ်။လက်ရှိမှာ ပြည်ပကတင်သွင်းခဲ့တဲ့ကားတွေကို နှစ်(၂၀)၊ပြည်တွင်းစက်မှုဇုံတွေကထုတ်လုပ်တဲ့ ကားတွေကို (၁၀)နှစ်သက်တမ်းထားပြီးအရည်ကျိုအပ်နှံစေကာစလစ်ထုတ်ပေးနေတာလည်းဖြစ်ပါတယ်။