BEC-TERO TV

မန္တလေးမြို့တွင် မကြာမီဖွင့်လှစ်တော့မည့် ကျောက်စိမ်းလှိုဏ်ဂူတော်

22 Dec 2017     1,710 Views


မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျောက်စိမ်းလှိုဏ်ဂူတော်ကြီးကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တောင်ဘက်ရှိ ဝေရောစန ကျောက်စိမ်းစေတီတော် ပရဝဏ်အတွင်း တည်ဆောက်ထားပြီးဖြစ်ကာ လာမည့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားတော့မည်ဖြစ်သည်။


အကျယ် ၁၃ ပေ၊ အမြင့် ၁၃ ပေနှင့် အရှည် ပေ ၂၅၀ ရှိသော လှိုဏ်ဂူတော်ကြီးတစ်ခုလုံးကို ကျောက်စိမ်း တန်ချိန် ၃၀၀ ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ လှိုဏ်ဂူတော်ကြီးအတွင်းတွင် ဇာတ်ကြီး ဆယ်ဘွဲ့၊ (၁၂)လရာသီ ပွဲတော်များ၊ ကျောက်စိမ်း ထမင်းပွဲ၊ ကျောက်စိမ်း ပန်းပုများ၊ ကျောက်စိမ်း လက်ကောက်၊ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော သစ်သီးများ၊ ပန်းကန် ခွက်ယောက်များအပြင် ဒေသတွင် ရှိသော ပျူခေတ်၊ ပုဂံခေတ် ရုပ်တုများ၊ ရက်ကန်း လုပ်ငန်း၊ တောင်သူများ၊ အိုးလုပ်ငန်းများကိုလည်း ပန်းချီကားများဖြင့် ပြသထားပြီး ကျပ်သိန်းပေါင်း ၄၅,၀၀၀ အကုန်ကျခံကာ ပြုလုပ်ထားပြီး မြန်မာ့ပတ္တမြား၊ မြန်မာ့ကျောက်စိမ်းနှင့်ပက်သက်သော အကြောင်းရာများကိုလည်း လေ့လာနိုင်ကြောင်း သိရှိရသည်။


လှိုဏ်ဂူတော်သို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များ တည်းခိုနိုင်ရန် တည်းခိုဆောင်များ တည်ဆောက်လျှက်ရှိပြီး ရိုးရိုးတည်းခိုဆောင်တွင် တစ်ဦးလျှင် ၁၅၀၀ ကျပ်၊ အထူးတည်းခိုဆောင်အတွက် တစ်ဦးလျှင် ၅၀၀၀ ကျပ်ဖြင့် တည်ခိုနားနေနိုင်မည်ဖြစ်ကြောင်း ကျောက်စိမ်းလိုဏ်ဂူတော် တည်ဆောက်ရေး ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောကြားခဲ့သည်။


ကျောက်စိမ်းလှိုဏ်ဂူတော်ကြီးအား လာရောက်ဖွင့်လှစ်ပေးပါရန် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားပြီးဖြစ်ကြောင်းလည်း ပြည်မြန်မာဂျာနယ်တွင် ဖော်ပြပါရှိသည်။


(ဓာတ်ပုံ - ခင်မောင်ကြီး)

 


22 Dec 2017     1,710 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS