ဗီယက်နမ်စက်လှေမီးရှို့ခဲ့သူများကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး
28 Dec 2017 1,457 Views

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာခရိုင်မှာ ကမ်းကပ်ထားတဲ့ ဗီယက်နမ်စက်လှေ(၇)စီးရဲ့ အင်ဂျင်တွေဖြုတ်ယူခဲ့ပြီးနောက် စက်လှေတွေကို မီးရှို့ခဲ့သူ(၆)ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပြီဖြစ်ပါတယ်။ အဲဒီဗီယက်နမ်သင်္ဘောတွေဟာ ထိုင်းရေပိုင် နက်ထဲကို ကျူးကျော် ၀င်ရောက်ခဲ့တဲ့အတွက် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားတာဖြစ်ပြီး ဆောင်ခလာခရိုင်က ဆိပ်ကမ်း တစ်ခုမှာထိန်းသိမ်းထားတာဖြစ်ပါတယ်။
အဲဒီသင်္ဘောတွေကို ဒီဇင်ဘာ(၂၀)ရက်မှာ မီးလောင်ခဲ့ပါတယ်။ အခုဖမ်းဆီးထားတဲ့ စက်လှေအင်ဂျင်တွေဖြုတ်ယူခဲ့တယ်လို့ သံသယရှိသူတွေက သူတို့ခိုးမှုကျူးလွန် ခဲ့တယ်ဆိုတာကို လက်စဖျောက်တဲ့အနေနဲ့ မီးရှို့ခဲ့တာဖြစ်နိုင်တယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့က ခန့်မှန်းနေပါတယ်။ ထိုင်းငါးလုပ်ငန်းဌာနနဲ့ ရေတပ်အရာရှိတွေရဲ့ပူးပေါင်းကူညီမှု နဲ့စုံစမ်းမှုတွေ ဆောင်ရွက်ခဲ့ပြီး ခိုးမှုနဲ့ပတ်သက်နေတယ်လို့ သံသယရှိသူ(၇)ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်နိုင်တာကြောင့် အခုလိုဖမ်းမိခဲ့တာဖြစ်ပါတယ်။
သံသယရှိသူ(၁)ဦးကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ ဖမ်းမိသူတွေထဲက တစ်ဦးက အင်ဂျင်တစ်လုံးကို ထိုင်းဘတ်ငွေ(၁၅၀၀)ပေးပြီးဖြုတ်ခိုင်းခဲ့တာလို့ ကျန်(၅)ဦးက ပြောတယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ အင်ဂျင်တွေကို ပြန်ရဖို့ (၃)ရက်ကြာခဲ့တယ် လို့လည်းပြောပါတယ်။ သံသယရှိသူတွေက တခြားပြစ်မှုတွေကျူးလွန်ခဲ့သေးလား ဆိုတဲ့ သက်သေ တွေနဲ့ ၀န်ခံချက်တွေကို ထိုင်းရဲတပ်ဖွဲ့ကစုဆောင်းနေပါတယ်။