ပိတ်ဆို့မှုများကြောင့် ဒေါ်လာသန်း(၅၀၀)ခန့် မြောက်ကိုရီးယားဆုံးရှုံးဖွယ်ရှိနေ
28 Dec 2017 1,509 Views

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြီးခဲ့တဲ့တစ်ပတ်က ပိတ်ဆို့မှုအသစ်တွေကြောင့် မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်ဒေါ်လာသန်း (၅၀၀)လောက်အထိ ဆုံးရှုံးရဖွယ်ရှိနေတယ်လို့ တောင်ကိုရီးယားဘက်က ခန့်မှန်းလိုက်ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့မှုတွေက မြောက်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေကို အမေရိကန်ဒေါ်လာသန်း(၂၅၀) ကျော်လောက်အထိ လျှော့သွားစေနိုင်တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်မှန်းလိုက်ပါတယ်။ ဒီပမာဏဟာ မြောက်ကိုရီးယားနိုင်ငံ ပို့ကုန်တန်ဖိုးရဲ့(၁၀)ရာခိုင်နှုန်းနဲ့ညီမျှပါတယ်။ နိုင်ငံပြင်ပမှာ အလုပ်လုပ်နေကြတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေ အိမ်ပြန်ပို့ခံရမယ်ဆိုရင် မြောက်ကိုရီးယား နိုင်ငံရဲ့နိုင်ငံခြားဝင်ငွေဟာ အမေရိကန်ဒေါ်လာသန်း (၅၀၀) လောက်အထိ လျှော့ကျသွားဖွယ် ရှိနေတယ်လို့ ခန့်မှန်းပြောဆိုမှုတွေရှိနေပါတယ်။
လုံခြုံရေးကောင်စီရဲ့နောက်ဆုံးပိတ်ဆို့မှု တွေကြောင့် မြောက်ကိုရီးယားနိုင်ငံကို တင်သွင်းတဲ့ ဓာတ်ဆီစည်ပေါင်း(၅)သိန်းလောက်ကို ဖြတ်ချလိုက်တာတွေလည်းပါဝင်နေပေမဲ့ ပမာဏတူတဲ့ ရေနံစိမ်းတင်သွင်းခွင့်တော့ဆက်ပေးထားဆဲဖြစ်တယ်လို့ တောင်ကိုရီးယားစီးပွားရေး ကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။ လုံခြုံရေးကောင်စီက ပိတ်ဆို့မှုပြုလုပ်ဖို့ ဆုံးဖြတ်ချက်အသစ်တွေ ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တိုင်း မြောက်ကိုရီးယားနိုင်ငံက ဆန္ဒထုတ်ဖော်လေ့ရှိပြီး အခုတစ်ကြိမ်မှာလည်း စစ်ရေးအရကျူးကျော်မှုတွေလုပ်ပြီးတုံ့ပြန်မယ်ဆိုရင် တောင်ကိုရီးယားတပ်ဖွဲ့တွေအနေနဲ့ အသင့်ပြင် ထားဖို့သတိပေးထားဖွယ်ရှိနေတယ်လို့ KBS သတင်းဌာနက သတင်းဖော်ပြပါတယ်။ ဒါပေမယ့်မြောက် ကိုရီးယားဘက်က စစ်ရေးအရကျူးကျော်မှုတွေပြုလုပ်မယ်ဆိုရင် နိုင်ငံတကာအသိုင်းအ၀ိုင်းက နိုင်ငံတွင်းကို ရေနံစိမ်းတင်သွင်း နေတာတွေ ကန့်သတ်လိုက်ဖွယ်ရှိနေ တာကြောင့် မြောက်ကိုရီးယားအနေနဲ့ရန်စမှုတွေလုပ်သွားဖွယ်မရှိဘူးလို့ နိုင်ငံရေးသုံးသပ် သူတွေက ခန့်မှန်းနေကြပါတယ်။