ဂျပန်ဧကရာဇ်နှင့်ကြင်ယာတော်တို့ နှစ်သစ်ကူးနှုတ်ခွန်းဆက်အခမ်းအနား တက်ရောက်
03 Jan 2018 1,701 Views

ဂျပန်ဧကရာဇ် အာခီဟီတိုနဲ့ ကြင်ယာတော် မီချီကို တို့ဟာ ဇန်န၀ါရီလ ၁ ရက်တုန်းက ပြုလုပ်တဲ့ ဂျပန်တော်ဝင်မိသားစုဝင်တွေနဲ့ နိုင်ငံတော်အဆင့်အရာရှိတွေရဲ့နှစ်သစ်ကူး နှုတ်ခွန်းဆက်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ နှစ်သစ်ကူးနှုတ်ခွန်း ဆက်အခမ်းအနားကို တိုကျိုမှာရှိတဲ့ ဧကရာဇ်နန်းတော်မှာ နှစ်သစ်ကူးနေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဲဒီအခမ်းအနားကို ဂျပန် အိမ်ရှေ့စံမင်းသား နာရူဟီတိုနဲ့ တော်ဝင်မိသားစုဝင်တွေ အပြင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲ၊ ဂျပန်လွှတ်တော်နှစ်ရပ်က လွှတ်တော်ဥက်္ကဋ္ဌတွေအပါအ၀င် ဂျပန်လွှတ်တော်အမတ်တွေနဲ့ ပြည်ပသံတမန်တွေလည်း တက် ရောက်ခဲ့ကြပါတယ်။ အောက်လွှတ်တော်ဥက်္ကဋ္ဌနဲ့ အထက်လွှတ်တော်ဥက်္ကဋ္ဌတို့ဟာ နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာတွေကို ဧကရာဇ်နဲ့ကြင်ယာတော် တို့ထံ ပေးအပ်ခဲ့ကြပါတယ်။
အပြန်အလှန်အနေနဲ့ ဧကရာဇ်က သူ့အနေနဲ့ ဂျပန်နိုင်ငံတိုးတက်ရေးအတွက် ဆုမွန်ကောင်းတောင်း ပေးသလို ဂျပန်နိုင်ငံသူ နိုင်ငံသားတွေ ပျော်ရွှင်ရေးကိုလည်း ဆုတောင်းစကား ပြောကြားလိုတယ်လို့ ဆိုပါတယ်။ သက်တော် ကြီးရင့်နေပြီဖြစ်တဲ့ ဂျပန်ဧကရာဇ် အာခီဟီတိုဟာ ၂၀၁၉ ခုနှစ် ဧပြီလမှာ ထီးနန်းစွန့်မယ်လို့ ဂျပန်အစိုးရက နိုဝင်ဘာလ တုန်းက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ဂျပန်ဧကရာဇ် အာခီဟီတိုဟာ ရာစုနှစ် ၂ ခုအတွင်း ထီးနန်းစွန့်တဲ့ ဂျပန်ဧကရာဇ် တစ်ပါးဖြစ်လာပါတယ်။