BEC-TERO TV

အောင်ရဲထွေး အသတ်ခံရမှု အမျိုးသားတစ်ဦး လာရောက်အဖမ်းခံ

03 Jan 2018     1,292 Views


လူမှုကွန်ရက်စာမျက်နှာပေါ် ဟာသဗီဒီယိုဖိုင်များ တင်ခဲ့ရာမှ လူသိများပြီး သရုပ်ဆောင်အဖြစ် အောင်မြင်မှုရလာခဲ့သောအောင်ရဲထွေး အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူဟုဆိုသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ယနေ့ (ဇန်နဝါရီလ ၃ ရက်) မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြိုနယ် သုဝဏ္ဏနယ်မြေ ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်

“လာအဖမ်းခံရသူက သားကြီး(ခ) သန်းထွဋ်အောင်ပါ။ သူ့အုပ်ထိန်းသူတွေကိုယ်တိုင် ရဲစခန်း လာအပ်ပေးခဲ့တာ။”ဟု ရဲအရာရှိက ပြောကြားထားပါတယ် ။

ဟာသ သရုပ်ဆောင် အောင်ရဲထွေးမှာ နှစ်သစ်ကူးညက ၎င်း၏ချစ်သူနှင့်အတူ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainmet တွင် ပြုလုပ်သည့် ပါတီပွဲသို့ သွားရောက်စဉ် အမည်မသိ အမျိုးသားအဖွဲ့က ၎င်းကို ဝိုင်းထိုးကြိတ် ကန်ကျောက်နေသဖြင့် လုံခြုံရေးအဖွဲ့များက ဝင်ဆွဲဟန့်တားခဲ့ရကြောင်း စစ်ဆေးချက်အရ သိရပါတယ် ။

“အခင်းမဖြစ်ခင် လွန်ခဲ့တဲ့ လေးရက်လောက်က အောင်ရဲထွေးနဲ့ အခုပြစ်မှုကျူးလွန်သူတွေ The Brave Bar ကလပ်မှာ မီးခြစ် ငှားတဲ့ကိစ္စနဲ့ ငြိခဲ့ကြဖူးတယ်။ ပြစ်မှုကျူးလွန်တဲ့အဖွဲ့က ငါးယောက် မဟုတ်ဘူး။ သုံးယောက်ထဲလို့ ဖမ်းမိထားတဲ့တစ်ယောက်က ထွက်ဆိုထားပြီး အောင်ရဲထွေးကို သူတို့အဖွဲ့ ဝိုင်းထိုးကြိတ်ကန်ကျောက်နေချိန်မှာ လုံခြုံရေးအဖွဲ့က ဝင်ဆွဲခဲ့တယ်။ ဒဏ်ရာက သိပ်မပြင်းထန်ဘူးထင်လို့ ပြစ်မှုကျူးလွန်တဲ့ သုံးယောက်ကို လုံခြုံရေးက ပြန်လွှတ်ပေးလိုက်တာလို့ သိရတယ်။”ဟု ရဲအရာရှိက ရှင်းပြခဲ့ပါတယ် ။

ဦးခေါင်းခွံ ကြေမွဒဏ်ရာရခဲ့သော အသက် ၂၄ နှစ် အောင်ရဲထွေးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ပြီး ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၃ နာရီက သေဆုံးသွားသောကြောင့် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေ ရဲစခန်းမှ နာကျင်မှုပုဒ်မအစား လူသတ်မှု ပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့်၍ အရေးယူထားပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများကို ထပ်မံ ဖော်ထုတ် အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရပါတယ် ။

သေဆုံးသူ အောင်ရဲထွေးမှာ ဒါရိုက်တာ ဂျိုး ရိုက်ကူးသည့် ဒိုင်ယာရီဇာတ်ကားတွင် သရုပ်ဆောင် နိုင်နိုင်း၊ မေမြတ်နိုးတို့နှင့်အတူ နောက်ဆုံးအနေဖြင့် ၎င်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပါတီပွဲတွင် လူတစ်စု၏ ဝိုင်းထိုးကြိတ် ကန်ကျောက်မှုကြောင့် သေဆုံးခဲ့သူ အောင်ရဲထွေး၏ ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ ညနေ ၅ နာရီတွင် ၎င်း၏ကျန်ရစ်သူ မိသားစုက မီဒီယာများနှင့်တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာလည်း ဖြစ်ပါတယ် ။ 

Credit:the voice 


03 Jan 2018     1,292 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment