အဲအေးရှားဝန်ထမ်းတဦး ဇန်နဝါရီ ၂၄ ရက်နေ့က လေယာဉ်ပေါ်မှာ သေဆုံးသွားပြီးတဲ့နောက် လေယာဉ်ကို လမ်းကြောင်းပြောင်း ပျံသန်းခဲ့ရတယ်
26 Jan 2018 1,420 Views

အဲအေးရှားဝန်ထမ်းတဦး ဇန်နဝါရီ ၂၄ ရက်နေ့က လေယာဉ်ပေါ်မှာ သေဆုံးသွားပြီးတဲ့နောက် လေယာဉ်ကို လမ်းကြောင်းပြောင်း ပျံသန်းခဲ့ရတယ်လို့ သိရပါတယ်။အင်ဒိုနီးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ ဘန်ဒွန်းမြို့ကို ပျံသန်းတဲ့ လေယာဉ်အမှတ် အေကေ ၄၁၆ မှာ အသက် ၄၆ နှစ်အရွယ် ဝန်ထမ်းဟာ ခရီးသည်အဖြစ် လိုက်ပါလာခဲ့တာလို့ လေကြောင်းလိုင်းက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။လေယာဉ်ပေါ်မှာ အရေးပေါ်ဖြစ်ခဲ့လို့ လေယာဉ်ကို ဂျိုဟိုးဆီနိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ လမ်းလွှဲပျံသန်းခဲ့ရပြီး လေယာဉ် မြေပြင်ပေါ်ရောက်ချိန် လေယာဉ်ဝန်ထမ်းကို အရေးပေါ်ဆရာဝန်နဲ့ ချက်ချင်း ဆေးကုသပေးခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။

အခုလိုသေဆုံးပြီးနောက် အဲအေးရှား လေကြောင်းလိုင်းက ချက်ချင်း စာထုတ်ပြန်ခဲ့ကာ “ဒီဝမ်းနည်းဖွယ်ကာလအတွင်း သေဆုံးသူရဲ့ မိသားစု လိုအပ်တာတွေအားလုံးကို ဖြည့်ဆည်းပေးမယ်” လို့ ပြောခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ လေယာဉ်ဟာ ဆီနိုင်းလေဆိပ်က မနက် ၉ နာရီမှာ ထွက်ခွာခဲ့ပြီး ဘန်ဒွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မနက် ၁၀ နာရီ ၁၁ မိနစ်မှာ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲအေးရှားက ဒီအဖြစ်နဲ့ပတ်သက်လို့ ရဲကို အမှုဖွင့်ခဲ့တယ်လို့ ကူလိုင်းခရိုင်ရဲချုပ် ဒီဇူခိုင်ရီက နယူးစ်စထရိတ်တိုင်းမ်စ် သတင်းဌာနကို ပြောလိုက်ပြီး ရဲချုပ်ရဲ့ အပြောအရ သေဆုံးသူဟာ အင်ဒိုနီးရှားအမျိုးသား ဖြစ်တယ်လို့ သိရပါတယ်။အမှုကို ရုတ်တရက်သေဆုံးမှုအဖြစ် ရဲက သတ်မှတ်ထားတယ်လို့ နယူးစ်စထရိတ်တိုင်းမ်စ်က ရေးထားကြောင်း ချန်နယ်နယူးစ်အေးရှား သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
Credit >>> http://burmese.dvb.no