မြောက်ကိုးရီးယားကလေးပေါင်း ခြောက်သောင်းခန့် အစာရေစာငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရ
31 Jan 2018 1,591 Views

နိုင်ငံတကာမှ မြောက်ကိုးရီးယားနယျူကလီးယားဒုံးကျည်ထုတ်လုပ်မှုအပေါ် စီးပွားရေးပိတ်ဆို့မှုများကြောင့် ခန့်မှန်းချေ ကလေးပေါင်း ခြောက်သောင်းခန့် အစာရေစာငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
နိုင်ငံတကာ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးအဖွဲ့ (UNICEF) မှ ဒီလိုစီးပွားရေးပိတ်ဆို့မှုများဟာ မိမိတို့အတွက် ပိုမိုခက်ခဲမှုတွေကို ယူဆောင်လာတယ်လို့သတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ခန့်က အမေရိကန် အခွန်ငွေ စီမံခန့်ခွဲရေး ဌာနမှ မြောက်ကိုးရီးယားနိုင်ငံရဲ့ တိုးတက်လာတဲ့ သေကျေပျက်စီးမှုများပြားစေနိုင်တဲ့ လက်နက်ထုတ်လုပ်မှုအပေါ် ပြစ်တင်ရှုံ့ချခဲ့ပြီး မြောက်ကိုးရီးယားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပိုမိုပြုလုပ်လာခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (UN) ရဲ့နည်းဥပဒေအရ မြောက်ကိုးရီးယားနိုင်ငံ စီးပွားရေးပိတ်ဆို့မှုများထဲမှာ အစားအစာပိတ်ဆို့မှုကို ချန်လှစ်ပေးထားခဲ့ပြီး သဘောင်္ဖြင့်ဆီတင်ပို့မှုကိုတော့ ပိုမို တင်းကျပ်စေခဲ့ပါတယ်။
UNICEF မှ မြောက်ကိုးရီးယားနိုင်ငံကို အာဟာရ၊ ကျန်းမာရေးနဲ့ သောက်ရေသန့်တို့အတွက် ဒေါ်လာ ၁၆.၅ သန်းခန့်ထောက်ပံ့ဖို့ ပြင်ဆင်နေပြီး နိုင်ငံရေးပြဿနာတင်းမာမှုများနဲ့ မလိုလားအပ်တဲ့အကျိုးဆက်တွေကြား စိန်ခေါ်မှုတစ်ရပ် အဖြစ်ရင်ဆိုင်နေရကြောင်း ရှင်းပြခဲ့ပါတယ်။
UNICEF ဟာ အစိုးရနဲ့ မသက်ဆိုင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၉၀ ခုနှစ်အလယ်ပိုင်းလောက်ကဖြစ်ပွားခဲ့တဲ့ လူပေါင်း ၃ သန်းခန့်သေဆုံးခဲ့တဲ့ ငတ်မွတ်ခေါင်းပါးခြင်းမှာ ပါဝင်ကယ်တင်ပေး ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြောက်ကိုးရီးယားနိုင်ငံဟာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာနိုင်တဲ့ အဓိကနိုင်ငံအဖြစ် သတ်မှတ်ခံနေရပြီး မြောက်ကိုးရီးယားလူမျိုး ငါးယောက်မှ နှစ်ယောက်ခန့် ဟာ အာဟာရပြတ်လပ်မှုဒဏ်ကို ခံနေရကြောင်း သိရပါတယ်။