ကားနဲ့တိုက်ပြီး တာဝန်မဲ့စွာထွက်ပြေးသူရဲ့ ကြေကွဲစရာ နှောင်းနောင်တ
04 Apr 2018 1,488 Views

အချိန်က ည ၁၀ နာရီခွဲ။
မိသားစုနဲ့အတူ အမျိုးတွေအိမ်မှာ ညစာသွားစားကြဖို့ ချိန်းထားတဲ့ အမျိုးသားတစ်ဦး (Zhang)ဟာ အိမ်ပြန်နောက်ကျနေတာကြောင့် အသွားအလာရှင်းနေတဲ့ လမ်းမကြီးပေါ်မှာ ကားကို အရှိန်တင်ပြီး မောင်းလာခဲ့ပါတယ်။
အပေါင်းအသင်းတွေနဲ့ သောက်ခဲ့တဲ့ အရက်ရှိန်က သူမောင်းနေတဲ့ ကားအရှိန်လိုပဲ တရိပ်ရိပ်မြင့်လာပါတယ်။ အဲဒီအချိန်မှာ မထင်မှတ်ပဲ ရှေ့ကသွားနေတဲ့ စကူတာဆိုင်ကယ်လေးကို အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မိလိုက်ပါတယ်။ ယာဉ်တိုက်မှုတစ်ခု အကြီးကြီးဖြစ်သွားပြီဆိုတာ သူသိလိုက်တယ်၊ ဒါပေမယ့် ပတ်ဝန်းကျင်မှာ မှောင်မဲပြီး မျက်မြင်သက်သေလည်း မရှိတာကြောင့် ဆင်းမကြည့်တော့ပဲ တာဝန်မဲ့စွာ မောင်းထွက်ပြေးခဲ့ပါတယ်။
ကားတိုက်မိတဲ့အရှိန်ကြောင့် စကူတာဆိုင်ကယ်ပေါ်မှာ စီးလားတဲ့ သားအမိနှစ်ဦးစလုံး လမ်းဘေးကို လွင့်စင်သွားခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ မှောင်မဲတိတ်ဆိတ်နေတဲ့ လမ်းပေါ်မှာ လျှပ်တစ်ပြတ်ဖြစ်ပျက်သွားတဲ့ ယာဉ်တိုက်မှုကို မြင်တွေ့လိုက်ရသူတစ်ဦးက ရဲနဲ့ လူနာတင်အရေးပေါ်ကားကို ဖုန်းဆက်အကြောင်းကြားပြီး နီးစပ်ရာ ဆေးရုံကို တင်ပို့ခဲ့ပါတယ်။
ကလေးရဲ့ဖိနပ်တစ်ဖက်
ဆေးရုံပေါ်အရောက်မှာ သားငယ်ဖြစ်သူက ကွယ်လွန်သွားခဲ့ပြီး မိခင်ဖြစ်သူကတော့ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ကုသနေရဆဲဖြစ်ပါတယ်။
လမ်းပေါ်မှာ စကူတာဆိုင်ကယ်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးလာတဲ့ Zhang က အမျိုးတွေ အိမ်ကိုရောက်တဲ့အခါ ဘာမှမဖြစ်ဟန်ဆောင်ပြီး အိမ်ထဲဝင်သွားခဲ့ပါတယ်။ အမျိုးဖြစ်သူက မိန်းမနဲ့ သားရော မပါဖူးလားလို့ မေးလိုက်တဲ့အခါ။
“သူတို့ မရောက်ကြသေးဘူးလား၊ သူတို့ဟာ သူတို့ လာခဲ့မယ်ပြောတယ်” လို့ ပြန်ပြောလိုက်ပါတယ်။ အဲ့ဒီအချိန် ဖုန်းဝင်လာတဲ့အခါမှာတော့ အရုပ်ကြိုးပြတ်နဲ့ ယူကျုံးမရ ဖြစ်ကာ လဲကျသွားခဲ့ပါတယ်။
လမ်းမပေါ်မှာ သူတိုက်ခဲ့တဲ့ စကူတာဆိုင်ကယ်လေးက သူ့ဇနီးနဲ့ သူသားလေး ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့ ဖြေမဆည်နိုင်တဲ့ တစ်သက်စာနောင်တတွေ အပြည့်နဲ့ ပြန်ပြင်လို့မရတော့တဲ့ အမှားကြီးတစ်ခု ကျူးလွန်ခဲ့ပြီဆိုတာ သိလိုက်ရပါတယ်။
Zhang ရဲ့ မိန်းမဖြစ်သူကတော့ ဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရဆဲဖြစ်ပါတယ်။ Zhang ကတော့ ဖမ်းဆီးခံခဲ့ပါတယ်။ ကြေကွဲစရာကောင်းတဲ့ အဖြစ်ပျက်လေးက တရုပ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်က ဇင်ဘို ဆိုတဲ့ မြို့မှာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါတယ်။