BEC-TERO TV

ဂူဂဲလ်အမှတ်တံဆိပ် ဒီဇိုင်းရေးဆွဲပွဲတွင် ၇ နှစ်သမီးလေး၏ ခဲခြစ်ပန်းချီရွေးချယ်ခံရ

25 Jun 2018     1,390 Views


အက်တာနက် ဝဘ်ဘရောက်ဇာ ဂူဂဲလ်တွင် “Google” စာလုံးပုံသဏ္ဍန်ကို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြလေ့ရှိရာ အဆိုပါဒီဇိုင်းအတွက် ပြိုင်ပွဲတွင် ၇ နှစ်အရွယ် ဆာရာလိန်းဂိုးမတ်စ် ဆိုသူ မိန်းကလေး၏ ဒီဇိုင်းပုံရွေးချယ်ခံခဲ့ရပြီး ဒေါ်လာ ၃၀,၀၀၀ ဆုချီးမြှင့်ခံခဲ့ရသည်။

အမေရိကန်နိုင်ငံရှိ ဂရိတ် K-12 ကျောင်းများမှ ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ရသော ဂူဂဲလ်၏ ပြိုင်ပွဲတွင် ပုံစံအမျိုးပေါင်း ၁၈၀,၀၀၀ ကျော်ပေးပို့ခဲ့သော ဒီဇိုင်းများထဲမှ ဗာဂျီးနီးယား ပြည်နယ်မှ ဂိုးမတ်စ် ရေးဆွဲခဲ့သောပုံက  ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဒီဇိုင်းကိုရေးဆွဲချိန်က အခက်အခဲများနဲ့ ရင်ဆိုင်ခဲ့ရပြီး နှင်းမုန်တိုင်းများကြောင့် လျှပ်စစ်မီးပြတ်တောက်သွားခဲ့သဖြင့် ဆာရာ၏ ပုံကိုအချိန်မီရေးဆွဲကာ ဂူဂဲလ်ကို ပေးပို့နိုင်ရန် သူမ၏မိဘများက မီးလာသော စားသောက်ဆိုင်များသို့ တစ်ဆိုင်ပြီးတစ်ဆိုင် သွားရောက်ခဲ့ပြီး သမီးဖြစ်သူရဲ့ ပန်းချီရေးဆွဲမှုပြီးစီးအောင် ပံ့ပိုးကူညီခဲ့ရကြောင်း မိခင်ဖြစ်သူက ပြောကြားသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့တွင် ပုံဒီဇိုင်းများ နောက်ဆုံးထားပို့ရန် သတ်မှတ်ထားသည့်အတွက် မီးပြတ်တောက်သွားချိန်တွင် အခက်အခဲများ ဖြစ်ခဲ့ခြင်းဖြစ်သည်။

ဒိုင်နိုဆော ပုံစံများနဲ့ Google စာလုံးပေါ်အောင် ဒီဇိုင်းရေးဆွဲခဲ့သည့် ပုံတွင် သူမအကြိုက်နှစ်သက်ဆုံး ဒိုင်နိုဆောအကောင်များနဲ့ ပုံဖော်ထားကြောင်း၊ ဒိုင်နိုဆောများက သူမကို ကျောက်ဖြစ်ရုပ်ကြွင်းဘာသာရပ်ကို လေ့လာရန် စေ့ဆော်ပေးပြီး ကြီးလာတဲ့အခါ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်အဖြစ် လုပ်ကိုင်သွားမည်ဟု ပုံဖော်ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်ကို စာညွှန်းရေးကာ ပေးပို့ခဲ့သည်။

ဆာရာလိန်းဂိုးမတ်စ်(တီရှပ်အဖြူ)

ဆာရာ ရေးဆွဲထားသောပုံကို ဒိုင်လူကြီးများက မြင်လျှင်မြင်ချင်း နှစ်သက်သဘောကျသွားသလို သူမရဲ့ ဘဝရည်မှန်းချက်ကို ငယ်ရွယ်စဉ်ကထဲက ချမှတ်နိုင်တဲ့အပေါ် ချီးကျူးလေးစားခဲ့ကြပါတယ်။
ဆာရာဟာ စကောလားရှစ်အတွက် ဒေါ်လာ ၃၀,၀၀၀ ရရှိခဲ့ပြီး သူမတက်နေတဲ့ ကျောင်းဖြစ်တဲ့ ပိုင်းစပရင်း အယ်လီမန်ထရီ ကျောင်းကလည်း ဒေါ်လာ ၅၀,၀၀၀ နဲ့ ညီမျှသော နည်းပညာအထောက်ကူပြုပစ္စည်းတွေ ရရှိခဲ့ပါတယ်။

ဆာရာရဲ့ ဒိုင်နိုဆောတွေနဲ့ ပုံဖော်ထားတဲ့ Google စာလုံးဒီဇိုင်းကို ယခုနှစ်ကုန်ပိုင်းမှာ ဂူဂဲလ်ရဲ့ စာမျက်နှာမှာ သက်ဝင်လှုပ်ရှားနေတဲ့ ပုံစံလေးနဲ့ မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။


25 Jun 2018     1,390 Views




RELATED

Most Popular of International News

Most Popular of NEWS