BEC-TERO TV

သီဟတင်စိုး အပေါ်မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်ကြားသည့် အမှုဖြစ်ရပ်မှန်ပေါ်ပြီ

18 Jul 2018     2,342 Views


ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအပေါ် အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်က  မုဒိမ်းမှုဖြင့် အရေးယူ ပေးရန် တိုင်တန်းသည့် အမှုနှင့်စပ်လျဉ်း၍ အမှုမှာ မှန်ကန်မှု မရှိကြောင်း သိရှိရပါသည်။
 
ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန် အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အသက်(၇၅)နှစ် အရွယ်ရှိဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်အား အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့သည် ။ ၁၃-၇-၂၀၁၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှ အပြင် သို့သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ခင်မာမြင့်အား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရ သုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်  အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။
 
 
အမှုမှန်ဖော်ထုတ်ရရှိရေးအတွက် အထူးအမှုစစ်အဖွဲ့မှ တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အား  သက်သေများနှင့်အတူ စစ်ဆေး ဆောင်ရွက်ခဲ့ရာ ခင်မာမြင့်(ခ)ညိုညို(ခ) ဇင်မာမြင့်မှာ လွန်ခဲ့သော (၄)နှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီးနောက် မိသားစုစားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူလုပ်ရန် ဒေါ်ညိုနှင့်  ဆက်သွယ်ခဲ့ပြီး ဒေါ်ညိုမှ အိမ်အကူလုပ်၍ အိမ်ရှင်ယောက်ျားများအား မိန်းမ မူယာမာယာဖြင့် မြူဆွယ်၍ မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ရန်နှင့် အမှုဖြစ်ပါကငွေကြေးညှိနှိုင်းသည့် ကိစ္စကို ၄င်းမှ တာဝန် ယူဆောင်ရွက်မည် ဖြစ်ကြောင်း ပြောဆိုပြီး လုပ်ကြံဖန်တီး၍ ရရှိသောငွေကြေးကို ခွဲဝေ သုံးစွဲမည်ဟု သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သရုပ်ဆောင် သီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်တန်းချက်မှာ မှန်ကန်မှုမရှိဘဲ တရားလို  ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်နှင့် ဒေါ်ညိုတို့ပူးပေါင်း၍ လီဆယ်တိုင်တန်းခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
Source : Yangon Police

18 Jul 2018     2,342 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS