BEC-TERO TV

လာအိုတွင် ဆည်ပြိုကျမှုကြောင့် လူပေါင်းထောင်နဲ့ချီ အိုးအိမ်မဲ့ရေလွှမ်း

25 Jul 2018     1,320 Views


လာအိုနိုင်ငံ တောင်ပိုင်းတွင် ဆောက်လုပ်ဆဲ ဆည်တစ်ခု ပြိုကျခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီပျောက်ဆုံးလျှက်ရှိကာ သေဆုံးသူ ၁၉ ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။
အင်္ဂါနေ့က ဆည်နံရံကျိုးပေါက်ပြီး ပြိုကျခဲ့မှုကြောင့် အနီးနားရှိ ကျေးရွာများသို့ ရေများအရှိန်နဲ့ စီးဆင်းကာ ဖုံးလွှမ်းသွားခဲ့ပြီး လူပေါင်း ၆၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း လာအိုသတင်းဌါနက ထုတ်ပြန်ခဲ့သည်။

သတင်းပုံရိပ်များအရ ရွံ့ရောင်ရေများထဲတွင် ရွာသားများက ကိုယ်ပိုင်ပစ္စည်းအချို့ကို နိုင်သလောက် သယ်ယူလျှက်ရှိတာကို တွေ့ရပါတယ်။ လူပေါင်း ၂၈၅၁ ဦးကို ဘေးလွတ်ရာ ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် လူပေါင်း ၃၀၀၀ ကျော်ကို ကယ်တင်ဖို့ရှိနေပါသေးတယ်။

ဆည်ရဲ့ နံရံဟာ တနင်္လာနေ့က အက်ကွဲကာ ရေယိုစိမ့်ခဲ့ပြီး အင်္ဂါနေ့မှာတော့ ကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။ ရေဖုံးလွှမ်းမှုကြောင့် လမ်းပမ်းဆက်သွယ်ရေးများ ပျက်ဆီးခဲ့ပြီး ဒေသခံများကို ကယ်ဆယ်ရေးလုပ်ဆောင်ရန် ဟယ်လီကော်ပတာ၊ လှေများနဲ့သာ သွားရောက်နိုင်ပါတော့တယ်။

အဆိုပါဆည်ကို ဟိုက်ဒရိုပါဝါ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန်အတွက် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လာအို၊ ထိုင်းနဲ့ တောင်ကိုရီးယားကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်နေတာဖြစ်ပြီး ပင်မဆည်ကြီး နှစ်ခုကို အထောက်အပံ့ပေး ချိပ်ဆက်ဖို့ တည်ဆောက်တဲ့ ဆည်ငယ် ၅ ခုထဲက တစ်ခုလည်းဖြစ်ပါတယ်။

ဆည်ကြီးမပြိုကျမီမှာ ဆည်ရဲ့အပေါ်ပိုင်းတည်ဆောက်မှုများ ပျက်ဆီးခဲ့တာကြောင့် အနီးနားက ရွာပေါင်း ၁၂ ရွာကို အမြန်ဆုံးဘေးလွတ်ရာပြောင်းရွေ့ အသိပေးခဲ့ကြောင်း ကိုရီးယားကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။
ဆည်ပြိုကျရာ Attapeu ဒေသဟာ ဗီယက်နမ်နိုင်ငံ နယ်စပ်ဖြစ်ပြီး စိုက်ပျိုးမြေများစွာ ရှိတဲ့ဒေသလည်းဖြစ်ပါတယ်။ Wisconsin-Madison တက္ကသိုလ်မှ ပထဝီဝင်ပရော်ဖက်ဆာ ကျွမ်းကျင်သူ Ian Baird ၏ အဆိုအရ ယခုဆည်ပြိုကျခဲ့တဲ့ပုံစံမျိုး အခြားဆည်တွေမှာ သက်ရောက်မှု မရှိကြောင်းနဲ့ ဆည်ပြုပြင်မှုများကို ခြောက်သွေ့တဲ့ ရာသီရောက်မှသာ ဆက်လက်လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ဟိုက်ဒရိုပါဝါဆည်တွေကို တည်ဆောက်ကာ အာရှရဲ့ လျှပ်စစ်စွမ်းအားရင်းမြစ်အဖြစ်သို့ ပြောင်းလဲ လုပ်ဆောင်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် နှစ်ကလည်း ၁၅ မီဂွဝပ်ထုတ်လုပ်ပေးတဲ့ ဟိုက်ဒရိုပါဝါဆည်တစ်ခု လာအိုနိုင်ငံ မြောက်ပိုင်းမှာ ပြိုကျခဲ့သေးကြောင်း သိရှိရသည်။

Ref:CNA

 


25 Jul 2018     1,320 Views




RELATED

Most Popular of International News

Most Popular of NEWS