BEC-TERO TV

ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် အာရှရဲ့ ပထမဦးဆုံး နိုင်ငံဖြစ်လာဖွယ်ရှိ

30 Jul 2018     1,905 Views


တားမြစ်ထားတဲ့ ကိစ္စတိုင်းဟာ မကောင်းတဲ့ ကိစ္စချည်းပဲတော့မဟုတ်ပါဘူး၊ တစ်ချို့အရာတွေဟာ ကောင်းရဲ့သားနဲ့ အကောင်းလွန်လို့ (တစ်နည်း) ကောင်းလွန်းလို့ တာမြစ်ခံထားရတာတွေရှိပါတယ်။ အဲဒီအထဲမှာ “ဆေးခြောက်” လို့ဆိုတဲ့ “Marijuana” လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

“ဆေးခြောက်”ပင်ဟာ ဆေးပညာလောကမှာ ဝေဒနာအတော်များများကို သက်သာအောင် ပြုလုပ်နိုင်တယ်လို့ နာမည်ရထားပေမယ့် အခုအချိန်ထိ နိုင်ငံအတော်များများမှာ တရားဝင်ဆေးဝါးအဖြစ် သတ်မှတ်ခြင်း မခံရသေးပဲ ဆေးခြောက်သုံးစွဲတာကို မူးယစ်ဥပဒေနဲ့ တားမြစ်ခံနေရဆဲဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ၂၀၁၉ ခုနှစ်မှာတော့ ထိုင်းနိုင်ငံဟာ အာရှမှာ ပထမဦးဆုံး “ဆေးခြောက်”ကို ဆေးဝါးအဖြစ် တရားဝင်သုံးစွဲခွင့်ရနိုင်ဖို့ အခြေအနေရှိနေပါတယ်။ (ဘယ်လိုလဲ နောက်နှစ်အတွက် လေယာဉ်လက်မှတ် ဘွခ်လုပ်တော့မလို့လား..?)

“ဆေးခြောက်” ကို တရားဝင် ခွင့်ပြုဖို့အခြေအနေရှိရတဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံရဲ့စီးပွားရေးအရ ဆေးခြောက်ဈေးကွက်မှာ ဝေစုတစ်ခုရယူဖို့ ဖြစ်တယ်လို့ ကမ္ဘာ့စီးပွားရေးအကြောင်းအရာတွေ ဖော်ပြပေးနေတဲ့ Bloomberg မှာ ဖော်ပြထားပါတယ်။

၁၉၈၀ ခုနှစ်များဆီကို ပြန်ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံဟာ ဆေးခြောက်တင်ပို့မှု စာရင်းမှာ ကမ္ဘာ့ထိပ်ဆုံးက ရှိနေခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အခုချိန်မှာတော့ ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ ဆေးခြောက်ဈေးကွက်ရဲ့ ဝေစုတစ်ချို့ကို ပြန်လည် ရယူချင်နေပါတယ်။

ဆေးခြောက်ကို စိတ်သောက ပြေပျောက်ရန်၊ မအီမသာဖြစ်ခြင်း၊ ကလေးမွေးသောကြောင့် နာကျင်တဲ့ ဝေဒနာတွေ သက်သာလျော့ပါးစေရန် ခေတ်အဆက်ဆက်က သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ လယ်သမားတွေက ပင်ပမ်းနွမ်းနယ်တာတွေ ပြေပျောက်ဖို့ သုံးကြသလို ဗီယက်နမ်စစ်ပွဲတုန်းက ထိုင်းနိုင်ငံကို ရောက်လာကြတဲ့ အမေရိကန်စစ်သားတွေဟာလည်း လန်းဆန်းတက်ကြွဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးစွဲခဲ့ကြပါတယ်။

လတ်ရှိမှာ ကျန်းမာရေးဝန်ကြီးဌါနလက်အောက်ရှိ ဆေးဝါးဖြန့်ဖြူးခြင်းဆိုင်ရာ အစိုးရအဖွဲ့အစည်း (GPO) အနေနဲ့လည်း ဆေးခြောက်ကို ကျန်းမာရေးအရ ရောင်းချ သုံးစွဲခွင့်ပြုဖို့ စစ်အစိုးရကို နားချလျှက်ရှိပါတယ်။


နောက်တစ်ချက်ကလည်း ထိုင်နိုင်ငံဟာ အပူပိုင်းရာသီဥတုရှိတာကြောင့် ဆေးဝါးလောကအတွက် အသုံးဝင်တဲ့ ဆေးခြောက်ပင်တွေ တိုးချဲ့စိုက်ပျိုးမယ်ဆိုရင် အောင်မြင်ဖြစ်ထွန်းနိုင်တဲ့ အခြေနေရှိတာကြောင့်လည်းဖြစ်ပါတယ်။ ယခင်ကလည်း ပြိုင်ဘက်တွေကို ဈေးကွက်မှာ အနိုင်ယူနိုင်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း သာဓကရှိနေပါတယ်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကဆိုရင် ထိုင်းနိုင်ငံက ကမ္ဘာမှာဆေးခြောက်ရယူဖို့ အကောင်းဆုံးနေရာပေါဗျာ၊ အခုတော့ ကနေဒါနိုင်ငံက တိုးချဲ့လုပ်ကိုင်လာတဲ့အတွက် အခုအချိန်မှာ ကျွန်တော်တို့က အကောင်းဆုံးလို့ ပြောလို့မရတော့ပါဘူး” ဟု GPO မှ ဒေါက်တာ Nopporn Cheanklin က ဆိုပါတယ်။

လက်ရှိစစ်အစိုးရရဲ့ လွှတ်တော်က ဆေးခြောက်ဟာ လူသားတွေရဲ့ ကျန်းမာရေးအပေါ်  ဘယ်လောက်ထိ အထောက်အကူပြုလဲဆိုတာကို သုတေသနပြုဖို့ ခွင့်ပြုလိုက်ပါပြီ။ ယခုဒီကိစ္စကို အမျိုးသားရေးတစ်ခုအနေနဲ့ ငြင်းခုန်ဆွေးနွေးနေကြပြီး ၂၀၁၉ ခုနှစ်မှာတော့ ဆေးခြောက်နဲ့ ပက်သက်တဲ့ ဥပဒေထွက်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

အကယ်၍ ခွင့်ပြုလိုက်ရင်တော့ ထိုင်းနိုင်ငံဟာ အာရှမှာ ပထမဦးဆုံး ဆေးခြောက်ကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံဖြစ်လာပြီး ဈေးကွက်ထဲမှာ အမေရိကန်၊ ကနေဒါနိုင်ငံတို့နဲ့ ပြိုင်ဘက်ဖြစ်လာမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ရော စီးပွားရေး အောင်မြင်ဖို့ ဒီလိုလမ်းကြောင်းအတိုင်း လိုက်ပြီး လုပ်ဆောင်သင့်ပါသလား..? မိတ်ဆွေရဲ့ အမြင်လေးကို ဗဟုသုတရအောင် ပြောပြပေးခဲ့ပါဦး။
 


30 Jul 2018     1,905 Views




RELATED

Most Popular of Special or Others

Most Popular of NEWS