BEC-TERO TV

ကြောက်စရာကောင်းတဲ့ ပုစွန်အမြီးဖျားက အဆိပ်ဆူး

30 Jul 2018     1,504 Views


ပင်လယ်စာတွေဟာ စားရတာ လတ်ဆတ်ပြီး အရသာရှိပေမယ့် ချက်ပြုတ်ဖို့အတွက်ဆိုရင် အချိန်ပေးပြီး ဆေးကြောဖယ်ရှားရတဲ့ အရာတွေလည်း ရှိပါတယ်။ ပုစွန်ဟင်းချက်တော့မယ်ဆိုရင် ပုစွန်ရဲ့ အခွံခွာရတာ၊ ကျောခွဲပြီး အညစ်အကြေးထုတ်ပေးရတာအပြင် အမြီးဖျားက ဆူးချွန်လေးကိုလည်း ချိုးပြီး ဖယ်ရှားပေးရပါတယ်။

ပုစွန်ဟင်းတစ်ခွက် ချက်ဖူးကြတဲ့ အိမ်ရှင်မများ ပုစွန်အမြီးဖျားက ဆူးလေး လက်ကို ဆူးဖူးတာ၊ ရှဖူးတာမျိုး ကြုံဖူးကြပါလား..?
လက်ကို ဆူးဖူး၊ ရှဖူးပြီး အခုချိန်ထိ ကျန်းမာရေးကောင်းနေသေးရင်တော့ အလွန်ကံကောင်းနေသေးတယ်လို့ မှတ်ယူပါ။ ဒါပေမယ့် နောက်တစ်ခါ ပုစွန်ကိုင်ရင်တော့ သတိထားကြဖို့ ဖော်ပြပါ သတင်းလေးက အကြောင်းရင်းကို ပြောပြပါလိမ့်မယ်။

တရုပ်နိုင်ငံ ဂျန်ဆုစီရင်စု ဂွမ်နမ်မြို့က အသက် ၆၀ နှစ်အရွယ် အမျိုးသမီးကြီးဟာ ဟင်းချက်ဖို့ ပြင်ဆင်စဉ် ပုစွန်ရဲ့ ဖင်ပိုင်းက အမြီးဆူး လက်ကို ပြတ်ရှခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။
လက်ကိုပြတ်ရှခဲ့တဲ့ ပထမရက်မှာ ခပ်မြက်မြက်လေးသာ ခံစားနေခဲ့ရပါတယ်။ ဒုတိယရက်မှာတော့ လက်ဟာ ရောင်ကိုင်းစပြုလာပါတယ် ဒါပေမယ့်လည်း မကြာခင်ပျောက်သွားမှာပါဆိုပြီး ဒီတိုင်းပဲထားလိုက်ပါတယ်။ တတိယရက်မှာတော့ အပြင်းဖျားလာတဲ့အတွက် မိသားစုက ဆေးရုံတင်ပို့ခဲ့ကြပါတယ်။

ဆေးရုံမှာ ဆရာဝန်က စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်မှာတော့ သူမရဲ့ အတွင်းကလီစာတွေအားလုံး တစ်ဖြည်းဖြည်းပျက်စီးလာနေတာကိုတွေ့ခဲ့ရပါတယ်။ ဆရာဝန်တွေက ကြိုးစားပြီး ကုသပေမယ့် ဆယ်ရက်အကြာမှာ ဆေးရုံပေါ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဆရာဝန်တွေက Vibrio vulnificus  ဆိုတဲ့ မေးခိုင်ပိုးဝင်တယ်လို့ သံသယရှိပြီး ဒီပိုးဟာ လူကိုအချိန်တိုအတွင်း သေအောင်တိုက်ခိုက်နိုင်တဲ့အထိ ပြင်းထန်တယ်လို့ဆိုပါတယ်။ ဒီလိုဘက်တီးရီးယားတွေကို ရေသတ္တဝါတွေနဲ့ သက်ဆိုင်တဲ့ အရာတွေမှာ အများဆုံးတွေ့ရတတ်ပြီး ပင်လယ်စာတွေကို ကျက်အောင် ချက်ပြုတ်မစားတာမျိုး၊ လူနဲ့ထိခိုက်မိပြီး ပြတ်ရှခံရတာတွေကနေတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက် ပျံ့နှံ့ပြီး တိုက်ခိုက် တတ်တယ်လို့ဆိုပါတယ်။ ဒီလိုပိုးဝင်ခံရသူ အများစုဟာ ၄၈ နာရီအတွင်း သေဆုံးတတ်ကြောင်း သိရှိရပါတယ်။

ဒါကြောင့်မို့ အိမ်ရှင်မတွေအနေနဲ့ ပင်လယ်စာတွေကို ချက်ပြုတ်ဖို့ ပြင်ဆင်တော့မယ်ဆိုရင် အထူးသတိထားဖို့ မမေ့ပါနဲ့နော်။
 


30 Jul 2018     1,504 Views




RELATED

Most Popular of Special or Others

Most Popular of NEWS