Crazy Rich Asians ဇာတ်ကား စာရေးဆရာကို တရားခံပြေးအဖြစ် စင်ကာပူထုတ်ပြန်
23 Aug 2018 1,729 Views
လတ်တလောနာမည်ကျော် လူကြိုက်များနေသည့် “Crazy Rich Asians” ဇာတ်ကား၏ ဇာတ်လမ်းကို ဖန်တီးရေးသားသူ စာရေးဆရာ ‘ကယ်ဘင်ကွမ်’ ဟာ ပြစ်မှုအတွက် အလိုရှိသော တရားခံများ စာရင်းတွင် ပါဝင်ကြောင်း စင်ကာပူနိုင်ငံက ထုတ်ပြန်ခဲ့သည်။
စင်ကာပူနိုင်ငံဖွား ‘ကယ်ဘင်ကွမ်’ ဟာ စင်ကာပူနိုင်ငံသား အမျိုးသားတိုင်း မဖြစ်မနေ လိုက်နာထမ်းဆောင်ရမည့် တာဝန်ဝတ္တရားဖြစ်သော စစ်မှုထမ်းခြင်းကို ပျက်ကွက်ခဲ့သဖြင့် ပြစ်မှုမြောက်ကာ အလိုရှိနေသူများ စာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
သက် ၄၄ နှစ်ရှိပြီ ဖြစ်သော ‘ကယ်ဘင်ကွမ်’ ဟာ ၁၁ နှစ်သားအရွယ်ထဲက အမေရိကန်နိုင်ငံကို ပြောင်းရွေ့အခြေချနေထိုင်ခဲ့ပြီး အခုဆိုရင် အမေရိကန်နိုင်ငံသားတစ်ယောက် ဖြစ်နေပါပြီ။ စင်ကာပူနိုင်ငံထုတ် The Straits Time သတင်းစာဖော်ပြချက်အရ ၁၉၉၀ ခုနှစ်တုန်းက ‘ကယ်ဘင်ကွမ်’ ကို စစ်မှုလာရောက်ထမ်းဆောင်ရန် အမေရိကန်မှာရှိတဲ့ သူရဲ့နေရပ်လိပ်စာကို အကြောင်းကြားစာ ပေးပို့ခဲ့ပေမယ့် လာရောက်ခဲ့ခြင်းမရှိပဲ ပျက်ကွက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့သည်။
“သူဟာ နိုင်ငံထဲကနေ တရားဝင်ပုံစံနဲ့ ထွက်ခွာခဲ့တာမျိုး မဟုတ်ဘဲနဲ့ နိုင်ငံခြားမှာ သွားရောက်နေထိုင်နေတာပါ။ ဒါကြောင့် မစ္စတာကွမ် အနေနဲ့ စစ်မှုထမ်းဖို့ ပျက်ကွက်တဲ့ အမှုမှ အလိုရှိနေသူတစ်ယောက်လည်း ဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌါနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“အဲဒီလို ပျက်ကွက်ခဲ့တဲ့အတွက် ၁၉၉၄ ခုနှစ်တုန်းက သူ့ရဲ့ စင်ကာပူနိုင်ငံသားပြန်လည် ရရှိဖို့ လျှောက်ထားတဲ့ လျှောက်လွှာ ပယ်ချခံခဲ့ရပါတယ်” ဟု ဆက်လက်ပြောဆိုသည်။ အဆိုပါပြစ်မှုအတွက် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀,၀၀၀ နဲ့အထက် နှင့် ထောင်ဒဏ် ၃ နှစ်နဲ့အထက် တို့ကို ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ ‘ကယ်ဘင်ကွမ်’ ဟာ စင်ကာပူမှာ ပြုလုပ်ခဲ့တဲ့ Crazy Rich Asians ဇာတ်ကား မိတ်ဆက်ပွဲကို မတက်ရောက်ခဲ့ပါဘူး။ စင်ကာပူကို ပြန်လာပါက သေချာပေါက် ထိန်းသိမ်းခံရမှာဖြစ်တယ်လို့ အာဏာပိုင်အဖွဲ့က ဆိုပါတယ်။
ဒါပေမယ့် မနှစ်က ‘ကယ်ဘင်ကွမ်’ ကို Straits Time က အင်တာဗျူးလုပ်ခဲ့ရာမှာ သူဟာ စင်ကာပူကို ရံဖန်ရံခါဆိုသလို ပြန်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ စင်ကာပူက Newton Food Center ဟာ သူအရမ်းနှစ်သက်တဲ့ လမ်းဘေးစာသောက်ဆိုင်တန်းဖြစ်ပြီး Crazy Rich Asians ဇာတ်ကားထဲမှာ အဲဒါကို ပုံဖော်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။
သူစင်ကာပူကို ပြန်လာခဲ့စဉ်က အမေရိကန်နိုင်ငံသား နိုင်ငံကူးလက်မှတ်၊ အခြားအမည်တစ်ခုနဲ့ ပြန်လာခဲ့တဲ့အတွက် သက်ဆိုင်ရာက သူ့ကို မရိပ်မိခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
Crazy Rich Asians ဝတ္ထုကို ၂၀၁၃ ခုနှစ်ခဲ့မှာ ထုတ်ဝေခဲ့ပြီး အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ယခုတဖန် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်ပြန်သွင်းတာဖြစ်ပါတယ်။
ဒီဇာတ်လမ်းဟာ စင်ကာပူနိုင်ငံက အချမ်းသာဆုံး မိသားစုတစ်စုကို အခြေတည်ပုံဖော်ထားပြီး အချစ်၊ ဟာသ ရသများကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ အလှအပမျိုးစုံကို ဒီဇာတ်ကားထဲမှာ မြင်တွေ့ကြရမှာပါ။
ထူးထူးခြားခြား ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေး WB ကထုတ်လုပ်ပြီး အာရှနိုင်ငံသား သရုပ်ဆောင်တွေချည်း ပါဝင်တဲ့ ဇာတ်ကားတစ်ကားဖြစ်သလို ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။