BEC-TERO TV

နဖူးပြင်မှာ အရေးအကြောင်းများသူများ ရုတ်တရက်သေဆုံးနိုင်ခြေမြင့်မား

27 Aug 2018     1,611 Views


ကိုယ့်ရဲ့နဖူးပြင်မှာ အရေးအကြောင်းထူထူတွေ များနေပြီဆိုရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနေပါပြီ။ ဒါဟာ နှလုံးသွေးလွှတ်ကြောထဲမှာ ပိတ်ဆို့မှု ရောဂါရဲ့ လက္ခဏာရပ်ဖြစ်ကြောင်း စမ်းသပ်တွေ့ရှိမှုအသစ်အဖြစ် သုတေသီများက သတိပေးပြောကြားလိုက်ပါတယ်။

နှလုံးရောဂါကုထုံးကျွမ်းကျင်သူများ ဥရောပပညာရှင်များအဖွဲ့က ဂျာမဏီနိုင်ငံ မြူးနစ်မြို့တွင် ပြုလုပ်သော သုတေသနအရ လူတစ်ယောက်ဟာ ကိုယ့်ရဲ့လက်ရှိအသက်အရွယ်နဲ့ မလိုက်ဖက်အောင် နဖူးပြင်မှာ အရေးအကြောင်းတွေများနေပြီဆိုရင် ရုတ်တရက် နှလုံးရောဂါဖောက်ပြီး သေဆုံးနိုင်ခြေမြင့်မားတယ်လို့ဆိုပါတယ်။
 
နဖူးပြင်က အရေးအကြောင်းတွေဟာ နှလုံးသွေးလွှတ်ကြောထဲမှာ ချေးပိတ်လာမှုတွေနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း ဆိုပါတယ်။ ရုတ်တရက်နှလုံးဖောက်ပြန်လာမှုရဲ့ အဓိကအကြောင်းအရာဟာ နှလုံးသွေးလွှတ်ကြောထဲမှာ ပိတ်ဆို့နေမှုကြောင့် အဖြစ်များတယ်လို့ ဆိုပါတယ်။
 
နဖူးပြင်တစ်လျှောက်ရဲ့ သွေးကြောထဲက အလွန်တရာသွေးငယ်တဲ့ သွေးဥလေးတွေဟာ အခုလို ချေးပိတ်ဆို့မှုကို အခြားနေရာက သွေးဥများထက်ပိုပြီး တိုက်ရိုက်ခံစားရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့်မို့ အရေးအကြောင်းတွေ များလာပြီဆိုရင် နှလုံးသွေးလွှတ်ကြောမှာ ချေးပိတ်ဆို့နေပြီဆိုတဲ့ အရိပ်လက္ခဏာဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
 
သူတေသီတွေဟာ အသက် ၃၂၊ ၄၂၊ ၅၂ နှင့် ၆၂ နှစ်အရွယ် တို့ပါဝင်တဲ့ လူပေါင်း ၃၂၀၀ ကို စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။ ပြီးနောက် နဖူးပြင်ပေါ်က အရေးအကြောင်း အရေအတွက်အလိုက် အဆင့် သုညကနေ ၃ အထိ သတ်မှတ်လိုက်ပါတယ်။
 
သုညအဆင့်က အရေးအကြောင်းမရှိသူဖြစ်ပြီး အဆင့် ၃ ကတော့ အရေးအကြောင်း ထူထူတွေရှိနေသူဖြစ်ပါတယ်။ စမ်းသပ်ခံသူတွေဟာ သုတေသီတွေနဲ့ နှစ်ပေါင်း ၂၀ ကြာ လက်တွဲပြီး စမ်းသပ်ခံခဲ့ကြပါတယ်။ ဒီကြားထဲမှာ လူပေါင်း ၂၃၃ ဦးကတော့ အခြားအကြောင်းတွေနဲ့ သေဆုံးသွားခဲ့ကြပါတယ်။
 
စမ်းသပ်မှုကာလပြီးဆုံးသွားထဲနောက် ၁၅.၂% သောသူတွေက အဆင့် ၂ နဲ့ ၃ ဖြစ်ကြပြီး ၆.၆% ကတော့ အဆင့် ၁ နဲ့ ၂.၁% ကသာ အဆင့် သုည (လုံးဝအရေးအကြောင်းမရှိသူ) တွေအဖြစ် တွေ့ရှိခဲ့ပါတယ်။

သုတေသီပညာရှင် ပရော်ဖက်ဆာ ရိုလန်ဒီအက်စ်ကွီရို က နဖူးပြင်အရေးအကြောင်း သတ်မှတ်ချက်အရ ရမှတ်မြင့်လေလေ နှလုံးရောဂါဖောက်ပြီး ရုတ်တရက်သေဆုံးနိုင်ခြေ မြင့်လေလေဟု ပြောဆိုခဲ့ပါတယ်။
 
ယခုလို နှလုံးရောဂါနဲ့ နဖူးပြင်အရေးအကြောင်း ဆက်စပ်မှုရှိတယ်ဆိုတဲ့ တွေ့ရှိချက်ဟာ ပထမဦးဆုံးအကြိမ်ဖြစ်တာကြောင့် ပိုပြီးတိကျခိုင်မာမှုရှိအောင် စမ်းသပ်မှုတွေ ထပ်မံလုပ်ဆောင်ရဦးမယ်လို့ သူမက ဆိုပါတယ်။
 
ဒါကြောင့်မို့ နဖူးပြင်မှာ အသက်အရွယ်နဲ့ မလိုက်ဖက်လောက်အောင် အရေးအကြောင်းတွေများနေပြီဆိုရင်တော့ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို အမြန်ဆုံး လုပ်ဆောင်ကြဖို့ ဖော်ပြလိုက်ရပါတယ်။
 
(နေဇာအောင်)
 
Ref: DailyMail

27 Aug 2018     1,611 Views




RELATED

Most Popular of Health Fix

Most Popular of NEWS