BEC-TERO TV

ကလေးမရှိတဲ့ အိမ်ထောင်သည်တွေမှာသာတွေ့ရတဲ့ မနာလိုချင်စရာ အားသာချက်များ

27 Aug 2018     1,591 Views


မြန်မာစကားမှာ “အိမ်ထောင်သားမွေး” ဆိုတာကို တစ်ဆက်တည်း ပြောလေ့ရှိကြပါတယ်။ အဓိပ္ပါယ်ကတော့ လူ့သဘာဝအရ အိမ်ထောင်ပြုကြပြီဆိုရင် သားသမီးရ(ကလေးမွေး)တာဟာ ထုံးစံလို့ သဘောထားကြတာပါ။
အိမ်ထောင်ကျပြီးခါစ စုံတွဲ ဒါမှမဟုတ် အိမ်ထောင်သည် တစ်ယောက်ကို ဖြစ်စေ၊ လင်မယားနှစ်ယောက်စလုံးကိုဖြစ်စေ ရင်းနှီးသူတွေက တွေ့ကြဆုံကြတဲ့အခါ “ကလေးရပြီလား (သို့) ကလေးမယူကြသေးဘူးလား” စသည်ဖြင့် အစချီကာ မေးမြန်းနှုတ်ဆက်တတ်ကြပါတယ်။
 
ဒီလိုအချိန်မှာ “ကလေးမရှိသေးဘူး” လို့များ ပြန်ပြောလိုက်ရင်တော့ နောက်ဆက်တွဲ မေးခွန်းတွေက အများကြီး ဆက်တိုက်ရောက်လာပါရော (လူအနည်းအကျဉ်းလောက်ကသာ ဒီကိစ္စကို ဆက်မမေးတော့တာပါ) ကိုယ်နဲ့ဆုံတဲ့သူဟာ သားသမီးရှိ အိမ်ထောင်သည် ဆိုရင်တော့ “ဟယ်.. ကလေးယူတော့လေ.. အသက်ကြီးလာလို့ သားသမီးမရှိရင် ဒုက္ခရောက်မယ်နော်” “အသက်ကြီးမှ မွေးရင်မကောင်းဘူး” “သားသမီးဆိုတာ ရတနာပဲ ယူဖြစ်အောင်ယူနော်” “အမလေး အိမ်ထောင်တော့ပြုပြီး ကလေးတော့မမွေးချင်ဘူးဆိုတာ မဟုတ်ဘူးနော်” စသည်ဖြင့် စိုးရိမ်သလို၊ ကဲ့ရဲ့သလို၊ နှိပ်ချချင်သလို ပြောဆိုတတ်တာကို မကြာခဏ ပတ်ဝန်းကျင်မှာ မြင်တွေ့ဖူးကြမှာပါ။
 
ဒီတော့ အိမ်ထောင်ပြုပြီး ကလေးမရှိသူတွေက ပတ်ဝန်းကျင်မှာ အလိုလိုအပြစ်ရှိသူတွေလို စိတ်ကသိကအောက် ဖြစ်ရပါတယ်။ ဒီပြသနာကို သားသမီးမရှိတဲ့ အိမ်ထောင်သည် အမျိုးသမီးတွေက အများဆုံး ခံစားကြရလေ့ရှိပါတယ်။ ကလေးမယူတဲ့ အကြောင်းရင်းကို သေချာမသိပဲ စရိုက်ဆိုးရှိသူတွေက နောက်ကွယ်မှာ အမြုံမ(ကလေးမရနိုင်သူ) အဖြစ် အတင်းအဖျင်း ပြောကြတာတွေလည်း ရှိပါတယ်။
တစ်ကယ်တော့ ဒါတွေဟာ တစ်ကယ်ဆိုးတဲ့၊ ဖယ်ခွာချလို့မရနိုင်သေးတဲ့ ရိုးရာရှေးရိုးစွဲ အယူအဆအဟောင်း အမှားတွေသာဖြစ်ပါတယ်။
 
ယနေ့လို ခေတ်မီနေတဲ့ ခေတ်ကြီးမှာ ကလေးမရှိတဲ့ အိမ်ထောင်သည်တိုင်း အမျိုးသမီးက (မြုံ) ကလေးမမွေးနိုင်လို့ဆိုတာ အပြည့်အဝမမှန်တော့ပါဘူး။ မိသားစု တစ်စုတိုင်းမှာ မတူညီတဲ့ ဇာတ်လမ်းတစ်မျိုးစီ ရှိတတ်ကြတာမို့ အိမ်ထောင်သည် စုံတွဲတွေမှာလည်း သားသမီးမယူတာနဲ့ ပက်သက်ပြီး ခံယူချက်တွေ အကြောင်းပြချက်တွေကတော့ ထပ်တူကြနိုင်မှာ မဟုတ်ပါဘူး။
 
မည်သို့ပင်ဖြစ်စေကာမူ ဘာသာတရားရဲ့ ဆိုဆုံးမစကားအရ တိုတောင်းလှတဲ့ လူ့ဘဝလေးမှာ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပျော်ရွှင်စွာ အသက်ရှင်နိုင်ဖို့ကသာ အရေးအကြီးဆုံးဖြစ်ပါတယ်။
သေချာတာကတော့ မည်သည့်ကိစ္စမဆို အကောင်းအဆိုးဆိုတာ ဒွန့်တွဲနေပါတယ်။ အဆိုးတွေကိုရွေးနုတ်ပြီး အကောင်းတွချည်းသက်သက်ပဲ ယူလို့မရတဲ့အတွက် မိမိရဲ့ရွေးချယ်မှုကြောင့် ရရှိလာတဲ့ အဆိုးအကောင်း အားလုံးကို လက်ခံနိုင်တဲ့ စိတ်မျိုးရှိဖို့သာ အဓိကကျလှပါတယ်။
 
ကလေးမရှိတဲ့ အိမ်ထောင်သည်တွေရဲ့ အားသာချက်တွေကို ပြောပြပေးသွားမှာပါ။ ကလေးလိုချင်ပါရက်နဲ့ ကလေးမရကြသူတွေလည်း စိတ်ဓါတ်ကျခြင်းနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို မပြုန်းတီးမိစေပဲ ဖော်ပြပါ အားသာချက်လေးတွေနဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ တိုက်တွန်းလိုက်ပါတယ်။
 
အားသာချက်များ
 
၁။ အရွယ်တင်ခြင်း
အိမ်ထောင်သည်ခြင်းအတူတူ သားသမီးမရှိတဲ့ စုံတွဲတွေက ပိုပြီးအရွယ်တင်နုပျိုပါတယ်။ သားသမီးအတွက် စိတ်ပူရတာ၊ ညရေးညတာ ထိန်းကြောင်းရတာမျိုးတွေမရှိတဲ့အတွက် သောကကင်းပြီး အိပ်ချိန်မှန်တာကြောင့် နုပျိုသလို၊ ကလေးအဖေ ကလေးအမေ ဆိုတဲ့ ခံယူချက်မျိုး စိတ်ထဲမှာ မရှိတာကလည်း နုပျိုခြင်းကို စိတ်ပိုင်းဆိုင်ရာကနေ ထောက်ပံ့ပေးနေပါတယ်။
 
၂။ ကိုယ်ကအမြဲနံပါတ် ၁ (အမြဲချစ်သူဘဝ)

ငယ်ငယ်က မိဘတွေတွေ ရန်ဖြစ်ပြီးရင် သားသမီးတွေကို ပြောလေ့ရှိတဲ့ စကားတခွန်းရှိပါတယ် “ငါတို့နှစ်ယောက်ထဲဆို ဘာမှ စကားများစရာမရှိဘူး နင်တို့တွေကြောင့်ပဲ လင်မယားချင်ရန်ဖြစ်နေရတာ” ဆိုတာ ကြားဖူးကြမှာပါ။
ဟုတ်ပါတယ် သားသမီးတွေရှိလာရင် မိဘနှစ်ယောက်စလုံးရဲ့ စိတ်ထဲမှာ သားသမီးတွေက နံပါတ် ၁ ဖြစ်သွားပြီး သူတို့ကတော့ အလိုလို နောက်ရောက်သွားတတ်ကြပါတယ်။
သားသမီးမရှိသူတွေမှာတော့ တစ်ဦးစိတ်ထဲမှာ တစ်ဦးက နံပါတ် ၁ ဖြစ်နေလို့ အိမ်ထောင်သက်ကြာလာတာတောင် ချစ်သူဘဝလိုမျိုး အမြဲတမ်းအေးချမ်းနေပါတယ်။
 
 
၃။ လွပ်လပ်မှု
 

သားသမီးရှိတဲ့ မိဘတွေ ဘယ်လိုမှ လိုက်ယှဉ်လို့ မရနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ကလေးမရှိတဲ့ စုံတွဲတွေအတွက် အပေါဆုံးက ဒါပဲလေလို့ ပြောလို့ရပါတယ်။ ညဘက်နောက်ဆုံးပြတဲ့ ရုပ်ရှင်ပွဲချိန်ကြည့်ချင်လား၊ စိတ်ကူးပေါက်လို့ ခရီးပဲ ချက်ခြင်းစီစဉ်မလား၊ သူငယ်ချင်းတွေချိန်းတဲ့ အချိန်တိုင်း သွားမလား၊ လူမှုရေးကိစ္စတွေ လုပ်မလား၊ ဘဝတက်လမ်းအတွက် ပညာတွေဆက်သင်ဦးမလား၊ နောက်ဆံမတင်းရပဲ စီးပွားရေးလုပ်မလား အများကြီးမှ အများကြီးကို စိတ်လွပ်လပ်စွာနဲ့ လုပ်နိုင်ပါတယ်။
 
၄။ ကုန်ကျစရိတ်
 

“သားသမီးဆိုတာ ရင်းနှီးမြုတ်နှံမှုတစ်ခုပဲ” လို့ ပြောကြတာတွေလည်း ကြားဖူးပါတယ်။ ကလေးကိုယ်ဝန်ဆောင်ပြီဆိုကတည်းက တက္ကသိုလ်ဘွဲ့ရ အိမ်ထောင်ကျတဲ့ထိ ကုန်ကျစရိတ်တွေက မနည်းမနောပါ။ ဒီလို ကုန်ကျစရိတ်မျိုးတွေ မရှိပါဘူး။
ဒါပေမယ့် ဒီနေရာမှာ သတိထားရမယ့်အချက်က သားသမီးအတွက် ကုန်ကျစရိတ်မျိုးမရှိဘူးဆိုတိုင်း ငွေကြေးကို စိတ်လွတ်လက်လွပ် မသုံးသင့်ပဲ အိုစာမင်းစာ အတွက်တော့ စုစုဆောင်းဆောင်း ရှိကြဖို့ အကြံပြုလိုပါတယ်။
 
ဘယ်လိုပဲဖြစ်ဖြစ် ကလေးရှိသူတွေထက်တော့ ငွေရေးကြေးရေး အစီစဉ်ချရတာ ပိုပြီးလွယ်နေပါသေးတယ်။
 
ဖော်ပြပါအတိုင်း အားသာချက်တွေရှိသလို သားသမီးမရှိတဲ့အတွက် အားနည်းချက်အချို့လည်း ရှိနေပါသေးတယ်။
 
**********************************
 
 
အားနည်းချက်များ

 

၁။ အထီးကျန်ခြင်း
သားသမီးမရှိတဲ့အတွက် ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ အကြောင်းတစ်ခုခုကြောင့် ခေတ္တဝေးနေရတဲ့ အခါမျိုးမှာ အထီးကျန်သလို ခံစားရနိုင်ပါတယ်။ လူမှုရေးကိစ္စ အပေါင်းအသင်းများနဲ့ ဆုံဆည်းမိတဲ့အခိုက် ကလေးရှိတဲ့ မိဘအချင်းချင်း သူတို့ကလေးတွေအကြောင်း ရေပက်မဝင် ပြောဆိုအဖွဲ့ကျနေချိန် ကိုယ်ကပြောစရာမရှိသူ တစ်ယောက်လို ဖြစ်သွားတတ်ပါတယ်။
 
၂။ မိဘဖြစ်ခွင့် ဆုံးရှုံးခြင်း
သားသမီးမရှိတဲ့အတွက် မိဘဖြစ်ခွင့် အလိုလိုဆုံးရှုံးသွားပါပြီ။ ဒီဆုံးရှုံးမှုက နည်းနည်းတော့ ပိုကြီးကောင်း ကြီးနိုင်ပါလိမ့်မယ်။ ‘မိဘ’ ဆိုတဲ့အခန်းကဏ္ဍ၊ သားသမီးများကို ထိန်းကျောင်းတဲ့ အတွေ့အကြုံ၊ ကလေးတွေနဲ့ မိသားစုဘဝရဲ့ အဆိုးအကောင်းတွေ အားလုံး လက်လွှတ်လိုက်ရမှာ ဖြစ်ပါတယ်။
 
၃။ သားထောက်သမီးခံမရှိခြင်း
တစ်ချိန် အသက်ကြီးလာတဲ့အခါ သားထောက်သမီးခံ မရှိတဲ့အတွက် ကျန်းမားရေးအရဖြစ်စေ အကူညီလိုအပ်တဲ့အခါ သွေးသားရင်းချာ မဟုတ်တဲ့ နီးစပ်ရာ ဆွေမျိုးများကိုသာ အားကိုးရပါလိမ့်မယ်။ (ဒါကြောင့် အပေါ်မှာ စုစုဆောင်းဆောင်း လုပ်ခဲ့ဖို့ သတိပေးထားရတာပါ)
 
၄။ မျိုးဆက်ပြတ်ခြင်း
သားသမီးမရှိတဲ့အတွက် ကိုယ့်ရဲ့နောက်ထပ် မျိုးဆက်သစ်ဆိုတာ ချန်မထားနိုင်ခဲ့တော့ပါဘူး။ ကိုယ်သေသွားတာနဲ့ ကိုယ့်ရဲ့မျိုးဆက်လည်း လုံးဝပြတ်သွားပြီဖြစ်ပါတယ်။
 
ဖော်ပြပါအချက်တွေကတော့ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ပြုပြီး ကလေးမယူ/မရ သူတွေအတွက် အားသာချက်နဲ့ အားနည်းချက်တွေပဲဖြစ်ပါတယ်။
(ထပ်ပြောပါရစေ)
မည်သို့ပင်ဖြစ်စေကာမူ ဘာသာတရားရဲ့ ဆိုဆုံးမစကားအရ တိုတောင်းလှတဲ့ လူ့ဘဝလေးမှာ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပျော်ရွှင်စွာ အသက်ရှင်နိုင်ဖို့ကသာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘဝကို ကိုယ့်စိတ်ကြိုက် (အိမ်ထောင်ဖက်သဘောတူရင်) ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။
 
(နေဇာအောင်)

 


27 Aug 2018     1,591 Views




RELATED

Most Popular of Special or Others

Most Popular of Life Style