BEC-TERO TV

တောဝက်လေး ၁၃ ဦးပိတ်မိနေခဲ့သည့် လှိုဏ်ဂူပုံစံတူ သရုပ်ပြပွဲဖွင့်လှစ်

28 Aug 2018     1,299 Views


ပြီးခဲ့သည့် ဇန်နဝါရီလက ထိုင်းနိုင်ငံ ချိုင်းရိုင်ဒေသ ထမ်လောင်းလှိုဏ်ဂူထဲတွင် ကလေး ၁၂ ဦးနှင့် ဘောလုံးနည်းပြတစ်ဦး၊ ပေါင်း ၁၃ ဦး ပိတ်မိနေခဲ့သည့် အဖြစ်အပျက်ကို အများပြည်သူများ ထပ်တူနီးပါး ကိုယ်တိုင်ထိတွေခံစားနိုင်ရန် အဆိုပါလှိုဏ်ဂူနဲ့ ပုံစံတူ သရုပ်ပြသမှုတစ်ခုကို သြဂုတ်လ ၂၂ ရက်နေ့က ဘန်ကောက်မြို့တွင် ဖွင့်လှစ်ပြသခဲ့သည်။

အဆိုပါပြပွဲကို ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌါနက ဦးစီကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ စီယမ်ပါရာဂွန် ဈေးဝယ်စင်တာကြီးမှာ ပြုလုပ်နေတာဖြစ်ပါတယ်။ ပုံစံတူလှိုဏ်ဂူကို စတုရန်းမီတာ ၄၀၀ ရှိတဲ့ နေရာမှာပြုလုပ်ထားပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ အသုံးပြုခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ပြသထားပြီး ဖြစ်စဉ်တုန်းက ဓါတ်ပုံတွေကိုလည်း တသီကြီး ချိပ်ဆွဲပြသထားပါတယ်။ မီဒီယာအသီးသီးက ထုတ်လွှင့်ပြသခဲ့တဲ့ သတင်းတွေကိုလည်း တီဗီမော်နီတာတွေအများကြီးနဲ့ တစ်ပြိုင်တည်းပြသထားပါတယ်။

အထဲမှာ ကျဉ်းကြပ်ပြီး မှောင်မဲနေတာပဲ၊ သူတို့တွေ အဲဒီထဲမှာ နှစ်ပတ်လောက် ပိတ်မိနေတာ ဘယ်လိုခံစားရမယ်ဆိုတာ ကျွန်တော် ခံစားမိပါတယ် ဒါတောင် ဒီနေရာမှာ ရေတွေနဲ့ ပြည့်နေတာ မဟုတ်သေးပါဘူး” ဟု လာရောက် ကြည့်ရှုသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းဘုရင်ရေတပ်မတော်မှာ အမှုထမ်းတွေက ပြပွဲမှာ နေ့စဉ်အနီးကပ်ကြီးကြပ်ပြီး ရှင်းလင်းပြသနေကြပါတယ်။ ကယ်ဆယ်ရေးဖြစ်စဉ်မှာ သေဆုံးသွားခဲ့တဲ့ ရေတပ်ဝန်ထမ်းဟောင်း ဆမန်ဂမ်နန် ရဲ့ ပုံတူ ကြေးရုပ်တုကြီးကိုလည်း ပြသထားပါတယ်။

ပြပွဲကို လက်ထောက်ဝန်ကြီးချုပ် ဝစ်ဆာနုကရိန်ဂမ် က ဖွင့်လှစ်ပေးခဲ့ပြီး ထိုင်းဘုရင်မင်းမြတ်ကိုယ်တိုင်က ကယ်ဆယ်ရေးသမားများအားလုံးကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သူတို့ရဲ့အောင်မြင်မှုကို ကမ္ဘာကသိအောင် အဆိုပါပြပွဲကြီးကို ပြုလုပ်ရန် အစိုးရကို ညွှန်ကြားတာဝန်ပေးခဲ့ကြောင်း ပြောဆိုခဲ့သည်။

စက်တင်ဘာလ ၈ ရက်နေ့တွင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့သူ ၈၀၀၀ ခန့်ကို ဘန်ကောက်မြို့ရှိ တော်ဝင်ပလာဇာသို့ ဖိတ်ကြားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် ဘန်ကောက်မြို့က ပြပွဲပြီးဆုံးမှာဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးကို ဆက်လက် လှည့်လည်ပြသမည်ဖြစ်ကြောင်း သိရှိရသည်။
 


28 Aug 2018     1,299 Views




RELATED

Most Popular of International News

Most Popular of NEWS