BEC-TERO TV

လူမှုကွန်ယက်ကြီး နှစ်ခြမ်းကွဲရင် ဘယ်ဘက်ခြမ်းမှာ နေမှာလဲ..? (Facebook VS VK)

30 Aug 2018     1,639 Views


ကမ္ဘာကြီးက အမှန်တစ်ကယ် နှစ်ခြမ်းမကွဲသေးပေမယ့် ဆိုရှယ်မီဒီယာ လူမှုကွန်ယက်ကတော့ မြန်မာပြည်မှာ နှစ်ခြမ်းကွဲစပြုနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ လတ်တလော Facebook ကနေ မြန်မာနိုင်ငံထိပ်ပိုင်းခေါင်းဆောင်အချို့ရဲ့ ဖေ့စ်ဘွခ်အကောင့်တွေကို ဖယ်ရှားလိုက်တာနဲ့ ပက်သက်ပြီး Facebook ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒါကိုတုန့်ပြန်တဲ့အနေနဲ့ Facebook လိုပဲ အင်အားကြီးတဲ့ နောက်ထပ် ဆိုရှယ်မီဒီယာတစ်ခု “VK” ကို ပြောင်းရွေ့သုံးစွဲဖို့ လှုံ့ဆော်တာတွေ၊ ပြောင်းရွေ့သွားကြတာတွေ ရက်ပိုင်းအတွင်းမှာ ဖြစ်နေပါတယ်။ တစ်ပြိုင်တည်းမှာပင် Facebook နဲ့ VK တို့ရဲ့ အားပြိုင်မှုကပါ  သူနိုင်ကိုယ်နိုင် ငြင်းခုံစရာ ခေါင်းစဉ်တစ်ခုအဖြစ် လူမှုကွန်ယက်ပေါ် ကျယ်ကျယ်ပြန့်ပြန် ရောက်လာပြီး လူမှုကွန်ယက် သုံးစွဲသူ နှစ်ဖွဲ့ကွဲသွားပါတယ်။

တစ်ဖက်က Facebook ဟာ သုံးစွဲသူတွေကို ဖိနှိပ်တယ်၊ ချုပ်ချယ်ကန့်သတ်တယ်လို့ စွပ်စွဲသလို နောက်တစ်ဖက်ကလည်း VK ကို ပြောင်းသုံးသွားကြတဲ့သူတွေဟာ စည်းကမ်းတကျ မနေတတ်သူတွေဖြစ်တယ်၊ စည်းလွတ်ဝါးလွတ် လုပ်ချင်ရာလုပ်ရတာကို သဘောကျတဲ့သူတွေ ဖြစ်တယ်လို့ အပြန်အလှန် ပုတ်ခတ်ပြောဆိုမှုတွေ ရှိလာပါတယ်။

ဘယ်သူတွေဘာပြောပြော ကိုယ်လည်းခေတ်နောက်ကျ မကျန်ရအောင် ဖွင့်ထားဦးမှဆိုပြီး Facebook အပြင် VK အကောင့်ပါ ထပ်ဖွင့်ထားသူတွေကတော့ လူအများစုဖြစ်ပါတယ်။ VK အကောင့်ကို ဖွင့်ထားပြီး VK အကြောင်းကို မသိသေးသူတွေ အတွက် မည်သူ့ဘက်မှ မလိုက်ပဲ အမှန်ကိုအမှန်းအတိုင်း အားသာချက် အားနည်းချက်တွေကို ယခုဆောင်းပါးမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ဒါတွေကို ဖတ်ပြီးသွားရင်တော့ Facebook မှာ ဆက်နေမလား..? VK ကို ပြောင်းမလား..? ဒါမှမဟုတ် နှစ်ခုစလုံးကို တစ်လှည့်စီနေမလား..? အဖြေတစ်ခုခုတော့ ကျိန်းသေထွက်လာမှာ သေချာပါတယ်။


VK ဆိုတာ ဘာလဲ..?


VK အကြောင်း ဖေ့စ်ဘွခ်ပေါ်မှာ အကျဉ်းရုံးလေးတွေ ရေးပေးထားကြလို့ VK ဆိုတာ ရုရှားလူမှုကွန်ယက် ဆိုတာလောက်တော့ အားလုံး သိကြပြီးဖြစ်ပါလိမ့်မယ်။ နဲနဲပိုပြီး သိအောင် ပြောပြပါရစေ။
VK ဟာ Facebook ပြီးရင် ဒုတိယလိုက်နေတဲ့ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ယက် ဝဘ်ဆိုက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ဥရောပအရှေ့ဘက်တစ်လွှားနဲ့ ရုရှားက လူတွေအသုံးများကြပါတယ်။

VK ကို အစဦးတုန်းက VKontakte လို့ခေါ်ကြပြီး “Pavel Durov” ဆိုသူ ရုရှားလူမျိုးက ၂၀၀၆ ခုနှစ် စက်တင်ဘာလမှာ စတင်စမ်းသပ် တည်ထောင်ခဲ့တာပါ။ (Facebook ထက် ၃ နှစ်နောက်ကျပါတယ်)။ တစ်လလောက်ကြာတဲ့အခါမှာ အွန်လိုင်းပေါ်မှာ အလုပ်လုပ်ဖို့ ဒိုမိန်းအမည် vkontake.ru နဲ့ စာရင်းသွင်းခဲ့ပါတယ်။
သူ့ရဲ့ရည်ရွယ်ချက်က တက္ကသိုလ်အသိုင်းအဝိုင်းထဲက လူတွေအချင်းချင်း ဆက်သွယ်ဖိတ်ကြားဖို့လောက်သာ ရည်ရွယ်ခဲ့တဲ့အတွက် Facebook ရဲ့ သမိုင်းကြောင်းနဲ့တောင် အခြေခံအားဖြင့် သွားတူနေပါတယ်။
အသုံးပြုသူအရေအတွက် ကန့်သတ်ထားပေမယ့် တစ်ဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီမှာတော့ သုံးစွဲသူ တစ်သိန်းကျော်ထိ ရှိလာခဲ့ပါတယ်။

ကံဆိုးတယ်ပြောရမလား ကံကောင်းတယ်ပြောရမလား အဲဒီဖေဖော်ဝါရီလမှာတင် DDoS နည်းနဲ့ တိုက်ခိုက်ခံလိုက်ရလို့ ဝဘ်ဆိုက် ခတ္တပြုတ်ကျသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကြံကြံခံပြီး ဆက်သွားခဲ့ရာ နောက်ထပ် ၅ လအကြာမှာတော့ သုံးစွဲသူအရေအတွက် တစ်သန်းလောက်ထိ တိုးတက်လာပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ VK ဟာ ရုရှားရဲ့ အားအထားရဆုံး အကြီးဆုံး လူမှုကွန်ယက်ကြီး ဖြစ်လာခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဇန်နဝါရီမှာတော့ VK ကို သုံးစွဲသူအရေအတွက် ၂၃၉ သန်းခန့်ရှိလာပြီး Facebook ရဲ့ နောက်နားလေးကနေ ကပ်လျက်လိုက်နေတဲ့ လူမှုကွန်ယက်ကြီးတစ်ခုဖြစ်လာပါတယ်။
၂၀၁၇ ခုနှစ် စစ်တမ်းများအရ VK ကို နေ့စဉ် သုံးစွဲသူပေါင်း ၈၁ သန်းကျော် ပုံမှန်ရှိနေပြီး ဝင်ရောက်ဖတ်ရှုသူပေါင်း သန်း ၃ ထောင်(၃ ဘီလီယံ) ထိ ရှိနေတဲ့ လူမှုကွန်ယက်ကြီးဖြစ်ပါတယ်။

 

VK ရဲ့ အားသာချက်များ

VK ကို ရုရှားရဲ့အကြီးဆုံး အင်တာနက်ကုမ္ပဏီဖြစ်တဲ့ Mail.ru အုပ်စုက ပိုင်ဆိုင်ထားပါတယ်။ မူပိုင်ခွင့်ဥပဒေ အားနည်းချက်ရှိတဲ့ ရုရှားရဲ့ဥပဒေအရ အသုံးပြုသူတွေ စိတ်ကြိုက် တင်ချင်ရာ တင်လို့ရနေတာကလည်း VK ရဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။
VK မှာ ကြိုက်တဲ့ ရုပ်ရှင်၊ သီချင်းမှန်သမျှကို မူပိုင်ခွင့်နဲ့ ဖျက်ချခံရတာမျိုး မရှိပဲလွပ်လပ်စွာ တင်နိုင်၊ မျှဝေနိုင်ပါတယ်။ (ဒီအချက်ကိုကိုင်ပြီး စည်းကမ်းမရှိတဲ့သူတွေ သွားတဲ့နေရာလို့ ဝေဖန်ကြတာပါ)

Facebook ကို သုံးဖူးတဲ့သူတွေအနေနဲ့ VK ကို သုံးရတာ ဘာမှအခက်အခဲ မရှိနိုင်ပါဘူး။ အရောင်တွေကအစ Facebook နဲ့ ခပ်ဆင်ဆင် တူပါတယ်။ ရုရှားဖေ့စ်ဘွခ်လို့တောင် ပြောရင်ရပါတယ်။ ဒါပေမယ့် Facebook မှာ မရနိုင်တဲ့ လုပ်ဆောင်ချက်မျိုးတွေ အများကြီးရှိ တာက VK ရဲ့ အားသာချက်ပါ။ ဥပမာ YouTube တို့ Pandora တို့လို လုပ်ဆောင်ချက်မျိုးတွေ VK မှာ ပူးတွဲပြီး ရနိုင်ပါတယ်။
Facebook မှာလိုပဲ မက်ဆေ့တွေ၊ ဗီဒီယိုခေါ်ဆိုမှုတွေ စိတ်ကြိုက်လုပ်လို့ရသလို ဂိမ်းတွေလည်း ဆော့လို့ရပါတယ်။ ဒါ့အပြင် VK က ပိုမိုချော့မွေ့ မြန်ဆန်နေတာကိုလည်း တွေ့ရပါတယ်။
လူအယောက် ၃၀ လောက်ထိ လက်ခံနိုင်တဲ့ မက်ဆေ့လျို့ဝှက်ဂရုလည်း ဖွဲ့နိုင်သလို ဓါတ်ပုံ၊ ဗီဒီယို ရုပ်သံ စတာတွေကို ၁၀ ခုထက်ပိုပြီးလည်း တွဲပို့နိုင်ပါသေးတယ်။

VK အကောင့်ဖွင့်တာကလည်း ရိုးရှင်းပါတယ် VK App ကို Android, iOS နှစ်မျိုးလုံးမှာ ရနိုင်ပြီး ဖုန်းထဲမှာ Install လုပ်ပြီး ဖွင့်နိုင်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ Facebook အကောင့်နဲ့လည်း ဝင်လို့ ရသလို သီးသန့်အကောင့်သစ်တစ်ခုလည်း ဖွင့်နိုင်ပါတယ်။ ကုဒ်လက်ခံရရှိဖို့ကိုတော့ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို ထည့်ပေးရမှာဖြစ်ပါတယ်။

>> Download VK App (Android) <<
>> Download VK App (iOS) <<
 

လုံခြုံမှုရှိရဲ့လား...?
ဒါပေမယ့် လုံခြုံမှုအပိုင်းမှာတော့ Facebook ထက် အားနည်းတယ်လို့ ဆိုရမှာပါ။ သိပ်မကြာသေးခင်က VK အကောင့်ပေါင်း သန်း ၁၀၀ နီးပါး ဟက်ခ်ခံလိုက်ရပြီး အီးမေးလ်၊ လျိုဝှက်ကုဒ်၊ ဖုန်းနံပါတ် စတာတွေ ခိုးယူခံရပါတယ်။ ဟက်ကာတွေက ဒီအချက်လက်တွေကို အမှောင်ကမ္ဘာမှာ ဘစ်ကွိုင်သမားတွေကို ပြန်ရောင်းစားကြပါတယ်။
ဒါကြောင့်မို့ ကိုယ်ရေးအချက်အလက်တွေက ပိုအရေးကြီးတယ်ဆိုသူတွေအတွက် VK က သိပ်တော့ မလုံခြုံလှပါဘူး။ Facebook နဲ့ ယှဉ်လိုက်ရင်တော့ လုံခြုံမှုအပိုင်းမှာ Facebook က နဲနဲပိုသာပါတယ်။
 

Facebook  နဲ့ VK ဘာသုံးရမလဲ..?

ဒီနေ့ခေတ်မှာ Facebook ကို အတော်အတန် အသုံးပြုခဲ့ကြပြီးဖြစ်လို့ Facebook အကြောင်း သိနှင့်ပြီးဖြစ်တယ်လို့ ယူဆတဲ့အတွက် VK အကြောင်းကိုပဲ ဦးစားပေး ရေးသားခဲ့တာဖြစ်ပါတယ်။ အကယ်၍ Facebook နဲ့ VK ဘယ်ဟာက ပိုကောင်းလည်းလို့ မေးလာရင် နှစ်ခုစလုံးက အားကောင်းတဲ့ လူမှုကွန်ယက်ဖြစ်တယ်လို့ ဖြေပါရစေ။
ဒါပေမယ့် လူမှုကွန်ယက် နှစ်ခုက ကမ္ဘာကြီး နှစ်ခြမ်းကွဲနေသလို ဟိုဘက် သည်ဘက်ဖြစ်နေကြပြီး မတူညီတဲ့ အကြောင်းအရာသစ်တွေကို နှစ်ဖက်စလုံးမှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။

စာရေးသူအနေနဲ့ စိုးရိမ်မိတာ တစ်ခုပဲ ရှိပါတယ်။ VK ဟာ လွပ်လပ်မှုတွေ အပြည့်ရှိပေမယ့် စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်တွေကို မစောင့်ထိန်းပဲ တင်ချင်ရာတင် ရေးချင်ရာ ရေးကြမယ်ဆိုရင် မြန်မာ့လူမှုကွန်ယက် အသိုင်းအဝိုင်အတွက် သတင်းအမှားတွေ ကြီးထွားရာ ညစ်ညမ်းရုပ်သံတွေ ဖွံ့ဖြိုးရာ လူမှုကွန်ယက်ကြီး ဖြစ်လာမှာကိုတော့ အမှန်တစ်ကယ် စိုးရိမ်မိပါတယ်။

ဒီလိုမဟုတ်ပဲ VK ရဲ့ အားသာချက်တွေကို အသုံးပြုပြီး ဈေးကွက်ချဲ့ထွင်တာ ဗဟုသုတမျှဝေတာတွေ လုပ်ကြမယ်ဆိုရင်တော့ ကမ္ဘာကြီးရဲ့ ဟိုမှာဘက်အခြမ်းမှာ VK ဆိုတဲ့ လူမှုအသိုက်အဝန်းကြီးတစ်ခုက အဆင်သင့် စောင့်ကြိုနေလျှက်ရှိပါတယ်..။

(နေဇာအောင်)


 


30 Aug 2018     1,639 Views




RELATED

Most Popular of Special or Others

Most Popular of NEWS