BEC-TERO TV

သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ သော့ချက် (၁၀)ခု

03 Sep 2018     1,697 Views


အိမ်ထောင်ရေးဆိုတာ ကမ္ဘာလောကအကြီးကြီးထဲက နှစ်ယောက်အတူတူ တည်ဆောက်ထားတဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေးပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ  ကိုယ်ပိုင်ကမ္ဘာငယ်လေးတွေ တည်ဆောက်ပြီးကာမှ မပျော်မရွှင်ဖြစ်ကြရပြီး ပြိုကွဲသွားတဲ့ အိမ်ထောင်ရေးတွေ အများကြီးရှိပါတယ်။
 
ဒီလိုပြိုကွဲသွားကြတာဟာ အိမ်ထောင်ရေးမှာ မရှိမဖြစ်သိထားလိုက်နာကျင့်သုံးရမယ့် သော့ချက်လေးတွေကို သတိမထားမိလို့သာဖြစ်ပါတယ်။ ဒါကြောင့် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို လိုလားသူတိုင်း မသိမဖြစ် တန်ဖိုးကြီးတဲ့ သော့ချက်လေး (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။
 
 
၁။ နှစ်ယောက်စလုံး တစ်ချိန်တည်းမှာ ပြိုင်တူ စိတ်မဆိုးမိပါစေနဲ့

အလွန်အရေးကြီးပါတယ်။ တစ်ယောက်စိတ်ဆိုးနေတဲ့အချိန်မှာ တစ်ယောက်က ပြန်ချော့ရမယ့်အစား အလျော့မပဲ အပြိုင်စိတ်ဆိုးနေကြမယ်ဆိုရင် အဲဒီကနေတစ်ဆင့် စိတ်နာသွားတာတွေ၊ အငြိုးထားတာတွေ၊ မာနခြင်းပြိုင်တာတွေ ကြီးထွားလာတတ်ပြီး တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောနိုင်ပဲ စိတ်မချမ်းသာစရာအချိန်တွေကိုသာ ရှည်ကြာလာစေပါတယ်။
 
အချိန်ကြာလာတာနဲ့အမျှ တစ်ဆစ်ဆစ်နာကျင်တဲ့ ခံစားမှုက စိတ်မှာ ဒဏ်ရာအမာရွတ်လို စွဲမြဲသွားစေနိုင်လို့ အခန့်မသင့် ဖြစ်ကြရင် ဘယ်တော့မှ နှစ်ယောက် ပြိုင်တူ စိတ်မဆိုးမိပါစေနဲ့။ ကိုယ်စိတ်ဆိုးချင်ရင်တောင် သူ့ကို အရင်စိတ်ဆိုးပြေအောင် ချော့ပြီးမှ တစ်လှည့်ပြန်စိတ်ဆိုးပါ။ ဒီတစ်ခါ သူက ကိုယ့်ကို ပြန်ချော့ပါလိမ့်မယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတာ ဒါမျိုးကို ဆိုလိုပါတယ်။
 
 
၂။ အတိတ်က အမှားလုပ်ခဲ့တာတွေကို ပြန်မဖော်ပါနဲ့

ပြဿနာတစ်ခုဖြစ်တိုင်း မဆီမဆိုင်တဲ့ အတိတ်က လုပ်ရပ်အမှား(ငယ်ကျိုးငယ်နာ)တွေကို ပြန်ဖော်ပြီး အနိုင်ရအောင် ပြောဆိုတာမျိုးက အိမ်ထောင်ရေးမှာ ကြောက်စရာအကောင်းဆုံးမို့ သာယာတဲ့အိမ်ထောင်ရေးကို လိုလားသူတွေအနေနဲ့ အထူးဂရုစိုက် ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။
 
 
၃။ တစ်ယောက်ကို တစ်ယောက် အော်ဟစ်ပြီး မပြောပါနဲ့

ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ အော်ဟစ်ပြီး မပြောမိပါစေနဲ့။ အော်ဟစ်ပြောဆိုလိုက်တာဟာ တစ်ဖက်သားကို မလေးစားရာကျသလို ပတ်ဝန်းကျင်က ကြားတဲ့အခါမှာလည်း သူ့ရဲ့အရှက်နဲ့ သိက္ခာကို ကျဆင်းစေပါတယ်။
 
ပြဿနာပြီးသွားသည်တိုင် ပတ်ဝန်းကျင်က အထင်မြင်သေးခြင်းကို ခံရစေနိုင်တာမို့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို တစ်ကယ်တန်ဖိုးထားတယ်ဆိုရင် ဘယ်လောက်ပဲ စိတ်ဆိုးဒေါသ ထွက်ထွက် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဟစ်ပြောဆိုတာမျိုး ရှောင်ကျဉ်ပါ။
 
၄။ အကြောင်းတစ်ခုခုကို ငြင်းခုန်မိကြတဲ့အခါ သူ့ကိုပဲအနိုင်ပေးလိုက်ပါ

အကြောင်းအရာ တစ်ခုခုအပေါ် အမြင်ရှုထောင့်မတူလို့ ငြင်းဆန်မိတဲ့အခါတိုင်း အချိန်မလွန်ခင် သူ့ကိုအနိုင်ပေးလိုက်ဖို့ သတိရပါ။ တစ်ကယ်တော့ ကိုယ့်ရဲ့အိမ်ထောင်ရေး ထိခိုက်လောက်အောင် ငြင်းခုန်ဖို့ထိုက်တန်တဲ့ ကိစ္စတစ်ခုမှ မရှိပါဘူး။ ဒါကြောင့် သူ့ကိုချစ်တဲ့စိတ် ဦးစားပေးတဲ့ စိတ်နဲ့ အနိုင်ပေးလိုက်ပါ။
 
အကယ်၍ သူ့ရဲ့အယူအဆထင်မြင်ချက်က လွဲနေသည်ဆိုရင်တောင် နောက်သွေးအေးသွားတဲ့အချိန်ကျမှ နားဝင်အောင် ရှင်းပြဖို့ ကြိုးစားပါ။
 
၅။ ဝေဖန်စရာရှိရင်တောင် ချစ်စဖွယ်ဖြစ်ပါစေ

ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် တစ်ခုခုဝေဖန်အကြံပေးစရာရှိတဲ့အခါ လင်မယားအချင်းချင်းပဲဆိုပြီး ပြစ်ပြစ်နှစ်နှစ်ကြီး မပြောချမိလိုက်ပါနဲ့။ ဥပမာ “မင်းကလည်း ဝလိုက်တာ စည်ပိုင်းလောက်ဖြစ်နေပြီ”လို့ ပြောမယ့်အစား “သဲရေ ဝိတ်လေးဘာလေး ချဦးနော်၊ တော်ကြာ ဂိသွားလို့ ကိုယ်လူပျိုပြန်ဖြစ်သွားဦးမယ်” စသည်ဖြင့် ရွတ်နောက်နောက် ချစ်ချင်စဖွယ် သတိပေး ဝေဖန်ပါ။
 
၆။ လောကအရေးထက် တစ်ဦးအရေးကို တစ်ဦး ဂရုစိုက်ပါ
 
 
လူမှုရေးဆိုတာ အရေးကြီးတယ်၊ လိုအပ်တယ်ဆိုတာ မှန်ပေမယ့် နှစ်ယောက်အတူတူ ဆုံပြီးစားရမယ့် ညစာထမင်းဝိုင်းကို အပေါင်းအသင်းတွေနဲ့အတူ ဘီယာဆိုင်ထိုင်တာနဲ့တော့ မလဲသင့်ပါဘူး (ရံဖန်ရံခါတော့ နားလည်ပေးကောင်း ပေးနိုင်ပါလိမ့်မယ် ဒါပေမယ့်...)
 
ဒီလိုပါပဲ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်ရဲ့ဆွေမျိုး အပေါက်းအသင်းအရေးကို ဦးစားပေးပြီး အိမ်ထောင်ဖက်ကိုတော့ ဖြစ်သလို နေလို့ရတာပဲ စားလို့ရတာပဲ ဆိုပြီး သဘောမထားသင့်ပါဘူး။
 
 
၇။ ပြဿနာတစ်ခုကို အကြေအလည်မရှင်းပြီးမချင်း အိပ်ယာမဝင်ပါနဲ့

လင်မယားနှစ်ယောက်ကြားမှာ ပြဿနာတစ်ခုဖြစ်ခဲ့ရင် နေ့မကူးစေပဲ ချက်ခြင်း ပြေလည်အောင် ဖြေရှင်းတာက အကောင်းဆုံးဖြစ်ပါတယ်။ မဖြေရှင်းပဲ ညအိပ်မိရင်တော့ နောက်တစ်နေ့မှာ ပြဿနာရဲ့ အစိုင်အခဲက ပိုပြီးကြီးလာတတ်ပါတယ်။
ဒါ့အပြင် ပြဿနာကြောင့် တစ်ညလုံး အိပ်မရတာ၊ အိပ်မရလို့ပြဿနာကို ပြန်တွေး၊ တွေးရင်းနဲ့ တနုံ့နုံ့စိတ်နာ ဒီလိုနဲ့သံသရာလည်နေပြီး ကျန်းမာရေးလည်း ထိခိုက်စေသလို ပြဿနာကလည်း ပိုပြီးရှင်းရခက်သွားတတ်ပါတယ်။
ဒါကြောင့် ပြဿနာတစ်ခုဖြစ်ရင် ညအိပ်ယာမဝင်မိ ကြေလည်အောင် ရှင်းလင်းပါ။
 
 
၈။ တစ်နေ့မှာ အနည်း ၁ ကြိမ်လောက် နှစ်လိုဖွယ်တစ်ခွန်းလောက်ပြောပါ
 
 
ကိုယ်အတွက် သူကတစ်ခုခုလုပ်ပေးတာ (ဥပမာ ကော်ဖီဖျော်ပေးတာမျိုး) ဆိုရင် “ကျေးဇူးပဲနော် ချစ်” စသည်ဖြင့် နှစ်လိုဖွယ်ရာ စကားလေးတစ်ခွန်းတော့ ပြောဖို့ မမေ့ပါနဲ့။
အချို့က လင်မယားပဲ ဒါတွေ ပြောဖို့လိုသေးလားဆိုတဲ့ အတွေးမျိုးရှိပါတယ်။ ဒါဟာ လုံးဝ မှားယွင်းတဲ့ အယူအဆပါ။ Relationship တစ်ခုမှာ “Thank You” နဲ့ “Sorry” မပါရင် အဲဒီလူနှစ်ဦးရဲ့ ကြားကဆက်ဆံရေးဟာ မာဆတ်ဆတ်နဲ့ ပြတ်တောက်သွားတတ်ပါတယ်။
ဒါကြောင့်မို့ သူ့အပေါ်မှာ ကိုယ်ကတန်ဖိုးထားကြောင်း ချစ်ခင်ကြောင်း တစ်ရက်မှာ နှစ်လိုဖွယ်စကားတစ်ခွန်းလောက် ပြောဖို့ မမေ့ပါနဲ့။
 
 
၉။ အမှားလုပ်မိရင် ဝန်ခံပြီး ခွင့်လွှတ်ဖို့ တောင်းပန်ပါ

လင်မယားနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ဘယ်အရာကိုမှ ကြာရှည်ဖုံးကွယ်ထားလို့ မရပါဘူး။ (ဥပမာ သူတန်ဖိုးထားတဲ့ ဖန်ခွက်လေး တစ်ခွက်၊ ပန်းအိုလေး တစ်လုံး ကိုယ့်ကြောင့် ကျကွဲသွားတာကစလို့ အိမ်ထောင်ရေးဖောက်ပြန်မှုအဆုံး) ပြဿနာတွေအများကြီး ရှိနိုင်ပါတယ်။
 
လင်မယားအချင်းချင်းပဲ ပန်းအိုးတိုက်မိလို့ ကျကွဲသွားတယ်ကွာ ဘာအရေးကြီးလဲဆိုပြီး လစ်လျူမရှုသင့်ပါဘူး။ အနည်းဆုံးတော့ ကိုယ့်ရဲ့အဖြစ်ပျက်ကို ပြောပြပြီး “Sorry” လို့ ပြောရင် သူ့ဘက်ကလည်း ကျေနပ်သွားမှာပါ။
 
ဖုံးကွယ်ထားမှုတွေဟာ ကိစ္စကြီးငယ်အလိုက် တစ်ဖက်က မသိသေးခင်အချိန်ထိ ကိုယ့်မှာလည်း မလုံမလဲနဲ့ နေရထိုင်ရခက်သလို တစ်ဖက်က သိသွားတဲ့အချိန်မှာလည်း ဖုံးကွယ်ထားရကောင်းလားဆိုတဲ့ စိတ်မှာအနာတရ ဖြစ်သွားတတ်ပါတယ်။
 
ဒါကြောင့် အိမ်ထောင်ရေးမှာ တတ်နိုင်သလောက် အမှားမလုပ်မိပါစေနဲ့၊ လုပ်မိရင်လည်း ဝန်ခံပြီး ခွင့်လွှတ်ဖို့ တောင်းပန်ပါ။
 
၁၀။ စကားအလွန်အကျွံမများမိပါစေနဲ့

နှစ်ယောက်သား ရန်ထဖြစ်တတ်တဲ့ အကြောင်းအချက် နောက်တစ်ခုကတော့ အိမ်ထောင်ဖက် တစ်ယောက်ယောက်က စကားအလွန်များလို့ ဖြစ်ပါတယ်။ ကိုယ်က စကားပြောချင်ရင်တောင် သူဘာလုပ်နေလည်းဆိုတာကို အရင်အကဲခတ်လေ့လာပါ။ ပြီးမှ ပြောသင့်သလောက်ပဲ ပြောပါ ပစိပါးစပ်များခြင်းကလည်း အိမ်ထောင်ရေးကို မသာယာစေတဲ့အချက် တစ်ချက်ဖြစ်တတ်လို့ သတိထားစေချင်ပါတယ်။
 
ဖော်ပြပါ သော့်ချက်တွေအားလုံးကို လိုက်နာပြီးလျင် ချစ်သူစုံတွဲအိမ်ထောင်ဖက်တွေအားလုံး ချစ်ချစ်ခင်ခင်နဲ့ ထာဝရ သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
 
(နေဇာအောင်)
 

03 Sep 2018     1,697 Views




RELATED

Most Popular of Special or Others

Most Popular of Life Style