BEC-TERO TV

မြန်မာအိမ်အကူအား မျက်လုံးကွယ်လုနီးပါး နှိပ်စက်ခဲ့သော စင်ကာပူအမျိုးသမီးအား ထောင်ဒဏ်ချမှတ်

04 Sep 2018     1,478 Views


စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီး မသန်းသန်းစိုး ကို နှစ်နှစ်နီးပါးခန့် လုပ်ခလစာတစ်ပြားမှ မပေး၊ နားရက်တစ်ရက်မှ မပေးသည့်အပြင် မျက်လုံးနှစ်ဖက်စလုံး ကွယ်လုနီးပါးဖြစ်အောင် နှိပ်စက်ခဲ့သူ အိမ်ရှင် စင်ကာပူအမျိုးသမီးအား ထောင်ဒဏ် ၁ နှစ်နဲ့ ၈ လ ကျခံစေရန် တရားရုံးက သြဂုတ်လ ၂၉ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အသက် ၄၆ နှစ်အရွယ် “ဆူဇန်နာဘွန်းဆင်ဆွမ်း” ဆိုသူအမျိုးသမီးက မြန်မာအိမ်အကူ အသက် ၃၂ နှစ်အရွယ် မသန်းသန်းစိုး အား မွေ့ယာအခင်းမပါပဲ ကြမ်းပြင်ပေါ် ဒီအတိုင်းအိပ်ခိုင်းစေမှု၊ လုပ်ခလစာမပေးမှု၊ အလုပ်နားရက်တစ်ရက်မှ မပေးမှု၊ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေနဲ့ တရားရင်ဆိုင်အပြစ်ပေးခံခဲ့ရတာဖြစ်ပါတယ်။

မသန်းသန်းစိုး ဟာ ရိုက်နှက်နှိပ်စက်ခံရမှုတွေကြောင့် သူမရဲ့ ဘယ်ဖက်မျက်လုံး ထိခိုက်ဒဏ်ရာရခဲ့ပြီး မျက်ကြည်လွှာ ကွာကျမှုဒဏ်တွေခံစားနေရသလို ညာဘက်မျက်လုံးကလည်း ထိုးကြိတ်ခံ ဒဏ်ရာတွေကြောင့် နာကျင်မှုတွေ ခံစားနေရတယ်လို့ တရားရုံးမှာ ကြားနာခဲ့ပါတယ်။

ဒီအမှုကို ဖေဖော်ဝါရီလထဲက ရုံးချိန်း ၈ ရက်ကြာ စစ်ဆေးကြားနာခဲ့ပြီးနောက် ဒေသဆိုင်ရာတရားရုံးမှ တရားသူကြီး ကာရိုလ်လင်း က ဆူဇန်နာ ဟာ အပြစ်ရှိကြောင်း ထင်ရှားတယ်လို့ အမိန့်ချခဲ့တာဖြစ်ပါတယ်။

ဆူဇန်နာ အနေနဲ့ ထောင်ဒဏ်အပြင် မသန်းသန်းစိုး အတွက် ဆေးဝါးကုသမှု စရိတ်များအပါအဝင် စင်ကာပူဒေါ်လာ ၃၈,၀၀၀ (ကျပ်သိန်း ၄၂၀ နီးပါး) ထက်မပိုသော ဒဏ်ငွေကိုပါ ပေးဆောင်ရမှာဖြစ်ပါတယ်။

တရားရုံးမှာ စစ်ဆေးမှုအရ ဖြစ်စဉ်မှာ မသန်းသန်းစိုး က ဆူဇန်နာ၏ နေအိမ်တွင် ၂၀၁၃ ခုနှစ်က အိမ်အကူအဖြစ် (ထိုစဉ်က သူမအသက် ၂၇ နှစ်)စတင်လုပ်ကိုင်ခဲ့ပြီး နားရက်တစ်ရက်မှ မပေးခဲ့ပါ။ ထိုစဉ်က ဆူဇန်နာမှာ သူမ၏မိဘများ နေအိမ်ဖြစ်သော ရီရွှန်းရပ်ကွက်ရှိ နေအိမ်တွင် မိဘများနဲ့အတူ နေထိုင်ခဲ့ပြီး အစပိုင်းတွင် မသန်းသန်းစိုးကို နှုတ်ကသာ ဆူပူကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် တစ်ဖြည်းဖြည်း အပြစ်မရှိအပြစ်ရှာကာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများကို တစတစ ပြုလုပ်လာသည်ဟု မသန်းသန်းစိုး က ထွက်ဆိုခဲ့သည်။
အလုပ်ဝင်ပြီး ပထမ ၄ လပိုင်းမှာ နှုတ်ဖြင့် ဆူပူပြစ်တင်မှုသာ ပြုလုပ်ရာမှ နောက်ပိုင်းတွင် တစ်ပတ်မှာ နှစ်ကြိမ်သုံးကြိမ်လောက်ထိ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေရှိလာပြီး ရိုက်နှက်တိုင်းလည်း မျက်နှာကိုသာ အမြဲတမ်းရိုက်နှက်ခဲ့သည်။ တစ်ခါတစ်ရံ လက်သီးနဲ့ ထိုးခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ရီရွှန်းနေအိမ်မှ စိန်ခမ်ရပ်ကွက်ရှိ ဆူဇန်နာ၏ နေအိမ်သို့ ပြောင်းရွေ့ပြီးနောက်ပိုင်း နှိပ်စက်မှုများ ပို၍ပို၍ ဆိုးရွားလာခဲ့သည်။ တစ်ပတ်မှာ သုံးကြိမ်လောက် ညစာမကျွေးပဲ ထားတာရှိသလို အခါအားလျှော်စွာ နေ့လည်စာ မစားရတဲ့ ရက်တွေလည်း ရှိခဲ့သည်။ ဒါ့အပြင် အိပ်ယာအတွက် မွေ့ယာအခင်း ဘာမှမပေးပဲ ကြမ်းပြင်အေးစက်စက်ပေါ်မှာသာ ဒီအတိုင်း အိပ်ခိုင်းခဲ့သည်။

ဒါ့အပြင် သူမစိတ်တိုလာတိုင်း မသန်းသန်းစိုး ရဲ့ မျက်နှာကို လက်သီးဖြင့် ဆင့်ထိုးတတ်ပြီး တစ်ပတ်မှာ အနည်းဆုံး ၃ ကြိမ်လောက် ထိုးခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။ ဒီလိုနှိပ်စက်ခံရမှုတွေကြောင့် မသန်းသန်းစိုး ရဲ့ အမြင်အာရုံများထိခိုက်ခဲ့ပြီး မျက်စိဝါးသည့် ဝေဒနာကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ခံစားခဲ့ရကြောင်း ဆေးစစ်ချက်က ဖော်ပြနေသည်။

ဒီလိုဖြစ်ခံစားနေရတဲ့အတွက် ဆေးခန်းပြပေးရန် တောင်းဆိုခဲ့ပေမယ့် ဆူဇန်နာက လျစ်လျူရှုကာ ပစ်ထားခဲ့သည်။ မသန်းသန်းစိုး ဟာ ခေါင်းကိုတဲ့ ဝေဒနာပါခံစားရတာကြောင့် သက်သာအောင် ရာပန်းဆီ သုံးလေ့ရှိရာ ၂၀၁၅ ခုနှစ် မေလ ၁၇ ရက်နေ့မှာတော့ ဒီအနံ့ကို သူမမွေးထားတဲ့ ခွေးက မခံနိုင်ဘူးဟုဆိုကာ ပုလင်းကို ပစ်ပေါက်ခွဲခဲ့ပြီး မသန်းသန်းစိုး ရဲ့ ဘယ်ဘက်ပါးကို ၃ ချက်ဆက်ပြီး ဆင့်ရိုက်ခဲ့ပါတယ်။

နောက်တစ်ရက်မှာတော့ မသန်းသန်းစိုး ဝေဒနာကို မခံစားနိုင်တော့သည့်အဆုံး နီးစပ်ရာ ရဲစခန်းသို့ ထွက်ပြေးကာ သူမကို ဆေးရုံသို့ပို့ပေးရန် အကူညီတောင်းရာမှ ဆူဇန်နာ၏ အိမ်တွင်းနှိပ်စက်ညှင်းပမ်းမှုများ ပေါ်ပေါက်ခဲ့သည်။

တရားရုံး၌ အမှုရင်ဆိုင်ရာတွင် ဆူဇန်နာ၏ ရှေ့နေဖြစ်သူက သူမ၏အမှုသည်အနေနဲ့ ကိုယ်ထိလက်ရောက်ကျုးလွန်လိုစိတ် အလျဉ်းမရှိကြောင်း အိမ်အကူအမျိုးသမီးမှာ အလုပ်လုပ်ကိုင်ရာတွင် နှေးကွေးကြောင်း၊ သူမကို သမီးရင်းတစ်ယောက်လို စောင့်ရှောက်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

မည်သို့ပင်ထွက်ဆိုစေကာမူ တရားရုံးက ဆူဇန်နာတွင် ပြစ်မှုရှိကြောင်း ထင်ရှားသဖြင့် ထောင်ဒဏ် ၁ နှစ်နှင့် ၈ လကျခံစေရန်၊ မသန်းသန်းစိုးအတွက် လျော်ကြေးငွေ စက်ကာပူဒေါ်လာ ၃၈,၀၀၀ ပေးဆောင်ရ် အမိန့်ချမှတ်ခဲ့ပါတယ်။

ဆူဇန်နာ၏ ရှေ့နေကတော့ လျော်ကြေးငွေကို ဒေါ်လာ ၃၈,၀၀၀ အစား ဒေါ်လာ ၁၀,၀၀၀ သို့ ပြင်ဆင်လျှော့ချသတ်မှတ်ပေးပါရန် လျှောက်ထားကြောင်း သိရှိရသည်။
 


04 Sep 2018     1,478 Views




RELATED

Most Popular of International News

Most Popular of NEWS