BEC-TERO TV

ကြောင်လေးတွေ “ညောင်.. ညောင်” လို့ ဘာကြောင့် အော်ရတာလဲ..?

07 Sep 2018     2,672 Views


“ညောင် ညောင်” လို့ အော်တာဟာ ကြောင်ရဲ့ ဘဘာဝပဲလို့ ပြန်ဖြေရင်တော့ တစ်စိတ်တစ်ပိုင်းအားဖြင့်သာ မှန်တယ်လို့ ဦးစွာပြောပါရစေ...
ကြောင်တွေအချင်းချင်း တစ်ကောင်နဲ့ တစ်ကောင်ကြည့်ပြီး “ညောင်.. ညောင်” နဲ့ အော်နေတာ သင်မြင်ဖူးပါသလား..? မအော်ကြပါဘူး။
ဒါပေမယ့် ကြောင်တွေက လူကိုတွေ့ရင်တော့ “ညောင်” လို့ အသံပြုတတ်ကြတယ် မဟုတ်လား..? တစ်ခါတစ်လေများဆိုရင် ဆက်တိုက်ကို “ညောင်.. ညောင်” နဲ့ အော်နေတော့တာပါပဲ။ ဒီလိုအော်ရတဲ့ အဓိပ္ပါယ်အကြောင်းပြချက်တွေ ရှိပါတယ်။

သင့်ရဲ့ ကြောင်လေးက “ညောင်.. ညောင်” လို့ အော်နေတာဟာ သူမှာ သင့်ကို တစ်ခုခုပြောစရာရှိနေလို့ပါ။ အရွယ်ရောက်ပြီး ကြောင်တွေဟာ တစ်ကောင်နဲ့တစ်ကောင်တွေ့ရင် “ညောင်” လို့ ဘယ်တော့မှ မအော်ပါဘူး။ သူတို့အချင်းချင်း ဆက်သွယ်ရာမှာ တစ်ကောင်နဲ့တစ်ကောင် အရိပ်အခြေ၊ ကိုယ်ဟန်အမူအရာ၊ မျက်နှာအမူအယာ အပြောင်းအလဲနဲ့ အထိအတွေ့ တွေကနေပဲ ပြောဆိုနားလည်ကြပါတယ်။

“ညောင်” ဆိုတာကိုတော့ လူတွေကို တစ်ခုခု သူတို့ပြောချင်တဲ့အခါမှာသာ အော်ပါတယ်။ လူတွေကတော့ သူတို့အချင်းချင်းဆက်ဆံသလို အမူအရာအရိပ်အကဲနဲ့ သူတို့ပြောချင်တာကို ပြလို့ မသိနိုင်ဘူးလို့ ကြောင်တွေက နားလည်ထားတဲ့အတွက် “ညောင်” ဆိုတဲ့ အသံနဲ့ နားလည်အောင် ပြောဖို့ သဘာဝက သင်ပေးထားတာဖြစ်ပါတယ်။

ကြောင်မွေးထားသူတွေအနေနဲ့ ကိုယ့်ရဲ့ကြောင်က ဘာကိုပြောချင်တယ်ဆိုတာကို သိရှိနားလည်ထားဖို့လိုပါတယ်။ ကြောင်တွေဟာ နူးညံ့တဲ့ သတ္တဝါလေးတွေဖြစ်တာကြောင့် အထူးသဖြင့် နာကျင်မှုခံစားရဲ့အခါ သူတို့ မအီမသာဖြစ်နေတဲ့အခါ အော်တဲ့အသံတွေကို အထူးသတိထားမိဖို့လိုပါတယ်။

ဒါဆိုရင် ကြောင်လေးတွေက ဘာပြောချင်တယ်ဆိုတာ ကျွန်တော်တို့ ဘယ်လိုသိနိုင်မလဲ..?

အကယ်၍ မိတ်ဆွေရဲ့ကြောင်ဟာ အသံပြုနိုင်တဲ့ ကြောင်ဖြစ်မယ်ဆိုရင်တော့ သူအော်တတ်တဲ့ “ညောင်” ဆိုတာကိုပဲ အသံ အတိုးအကျယ်၊ အမာအပျော့၊ သံရှည်သံပြတ်တွေပေါ်မှာ ကွဲပြားခြားနားတဲ့ အဓိပ္ပါယ်တွေ ရှိတာကို သိထားရမှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ကြောင်းလေးတွေရဲ့ အော်သံအလိုက် သူတို့ဘာပြောချင်တယ်ဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ဥပမာ ကြောင်လေးတွေ အစားတောင်တဲ့အချိန်ဆိုရင် သူ့ရဲ့ “ညောင်”သံက သာယာနာပျော်ဖွယ် တောင်းခံတဲ့ အသံလေးဖြစ်နေတတ်ပါတယ်။ အကယ်၍ စိတ်ဆိုးလာပြီဆိုရင်တော့ “ညောင်” ဆိုတဲ့ အသံက သိပ်နားထောင်လို့ မကောင်းတော့ပါဘူး။
ဒါဆိုရင် ကြောင်တွေရဲ့ ဘာသာဗေဒစကားကို နည်းနည်းလောက် အတူတူ စူးစမ်းလေ့လာလိုက်ကြရအောင်ပါ။

ပြတ်တောင်း (သို့) မြန်မြန်အော်တဲ့ “ညောင်” သံဟာ သင့်ကို မင်္ဂလာပါလို့ နှုတ်ဆက်တဲ့ အသံဖြစ်ပါတယ်။

ထပ်ခါထပ်ခါ”ညောင်” − သင့်ကိုကြည့်ပြီး ထပ်ခါထပ်ခါ “ညောင်” သံပေးနေရင်တော့ အဲဒါ သူစိတ်လှုပ်ရှားနေတယ်လို့ဆိုလိုတာပါ။ ဥပမာ သင်က တစ်နေ့လုံး အလုပ်သွားပြီး အိမ်မှာ မရှိလို့ အကြာကြီးမတွေ့ရတဲ့အခြေအနေမှာ သင်အလုပ်ကပြန်လာချိန် သူတွေ့သွားပြီး ပျော်ရွှင်စိတ်လှုပ်ရှားတဲ့ အနေနဲ့ အော်တာဖြစ်ပါတယ်။

အလယ်လတ်အသံနဲ့”ညောင်” − ဒါကတော့ တစ်ခုခု သူတို့တောင်းချင်တာဖြစ်ပါတယ်။ အစာတောင်းတာဖြစ်စေ လူတွေက သူတို့ကို ဂရုစိုက်စေချင်လို့ဖြစ်စေ အဲ့လိုအချိန်တွေမှာ အော်ပါတယ်။

ဆွဲဆွဲငင်ငင်”ညောင်” − ဒါဆိုရင်တော့ သူဖြစ်ချင်တဲ့ ဆန္ဒကိုလိုက်လျောဖို့ တစ်ခုခုကို တောင်းဆိုနေတာပါ။ ဥပမာ အိမ်ပြင်ထွက်ချင်လို့ တံခါးဖွင့်ပေးပါ ဆိုတာမျိုးပါ။

အသံနိမ့်”ညောင်” − ဒီလိုအသံကတော့ တစ်ခုခုကို စောဒကတက်ချင်တဲ့အခါ အော်ပါတယ်။ သူမကြိုက်တာတစ်ခုခု ကိုယ်ကလုပ်တားမျိုး စသည်ဖြင့်။

အသံပြင်း”ညောင်” − စိတ်တိုလာတဲ့အခါ အသံပြင်းနဲ့ အော်တတ်ပါတယ်။ ဥပမာ သူ့အမြီးကို ရုတ်တရက်တက်နင်းမိလို့ ဒေါသထွက်သွားတဲ့အခါမျိုးမှာ ကြားရပါတယ်။

ကြောင်တွေဟာ “ညောင်” သံပေးနည်း တစ်နည်းထဲနဲ့ လူတွေကို ဆက်သွယ်တာမဟုတ်ပါဘူး။ ကြောင်ပိုင်ရှင်တွေ စက်ဖွင့်တယ်လို့ သိထားတတ်တဲ့ သူ့ရဲ့ခန္ဓာကိုယ်ထဲက “ဂရူးဂရူး” ဆိုပြီး အဆက်မပြတ်ကြားရတဲ့ နည်းနဲ့လည်း ဆက်သွယ်ပါတယ်။ ဆိုလိုတာကတော့ သူဇိမ်ကျနေတယ်၊ ကျေနပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ အထူးသဖြင့် လူရဲ့ ပေါင်ပေါ်မှာ တက်ခွေအိပ်နေတဲ့အချိန်မှာ လူကိုအသိပေးတာပါ။

နောက်တစ်နည်းကတော့ ဘာတွေမှန်းမသိ ခပ်တိုးတိုးအမျှင်မပြတ်ပြောနေတာ ဖြစ်ပါတယ်၊ အဓိပ္ပါယ်ကတော့ သူတစ်ခုခုကို တိုင်နေတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ လူကနားလည်းပေးပြီး သူနဲ့အတူ အပြန်အလှန်စကားလေးတွေ ပြောပေးရင်း သူစိတ်ကျေနပ်သွားတာကို တွေ့ရမှာပါ။ ကြောင်တွေ “ညောင်” လို့ အော်ရတဲ့ အခြားအကြောင်းပြချက်တွေလည်း များစွာရှိပါသေးတယ်။

အထူးသဖြင့် သူတို့ အစာတောင်းတဲ့အခါ၊ လူတွေဆီက အယုယကိုခံချင်တဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ၊ တောင်းဆိုတဲ့အခါ၊ စိတ်လှုပ်ရှား ပျော်ရွှင်တဲ့အခါ၊ ဒေါသထွက်တဲ့အခါ စတဲ့အခြေအနေတွေမှာ “ညောင်” သံပေးပါတယ်။
အရေးကြီးတာက ကိုယ့်အိမ်က ကြောင်လေးတွေရဲ့  “ညောင်” အော်သံကို နားလည်အောင်ကြိုးစားပြီး သူတို့ ဘာတွေပြောချင်နေတယ်ဆိုတာကို သိသွားရင်တော့ ကိုယ့်ကိုပိုပြီး ခင်တွယ်သွားမှာ သေချာပါတယ်။

 

(နေဇာအောင်)


07 Sep 2018     2,672 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family