စင်ကာပူနိုင်ငံက မိုးပျံလူသားရုပ်သံပျံ့နှံ့ (ရုပ်သံ)
18 Sep 2018 1,577 Views
ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ စိတ်ကူးယဉ်သိပ္ပံရုပ်ရှင် “Back To The Future” ရုပ်ရှင်ဇာတ်ကားတွဲထဲမှာပါဝင်တဲ့ မိုးပျံစကိတ်ဘုတ်ပြားရဲ့ စိတ်ကူးယဉ်အိပ်မက်ဟာ အမှန်တစ်ကယ် အကောင်အထည်ပေါ်လာခဲ့ပါပြီ။
“Spider Man” ရုပ်ရှင်ဇာတ်ကားထဲမှာလည်း မိုးပျံဘုတ်ပြားစီးတဲ့ အစိမ်းရောင် “Green Goblin” ဇာတ်ရုပ်အဖြစ်လည်း စိတ်ကူးယဉ်ခဲ့ကြပါသေးတယ်။
စက်တင်ဘာလ ၁၆ ရက် တနင်္ဂနွေနေ့ နေ့လည်လောက်မှာ စင်ကာပူနိုင်ငံရဲ့ အထင်ကရနေရာဖြစ်တဲ့ “မရီနာဘေး(Marina Bay)” မှာ လူတစ်ဦးစကိတ်ဘုတ်စီးကာ အရှိန်မြန်မြန်နဲ့ မိုးပေါ်ပျံသွားတာကို အားလုံးကရုတ်တရက် အံ့သြစွာမြင်တွေ့ခဲ့ရပြီး ရုပ်သံမှတ်တမ်းများ ရိုက်ကူးခဲ့ကြပြီး အဆိုပါဗီဒီယိုများ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပါတယ်။
အဆိုပါ မိုးပျံစကိတ်ဘုတ်ကို ခေါက်တုံ့ခေါက်ပြန် စီးပြခဲ့သူကတော့ မြန်နှုန်းမြင့် မိုးပျံစကိတ်တီထွင်သူ ပြင်သစ်နိုင်ငံသား ဖရန်ကီဇာပါတာ(Franky Zapata) ဆိုသူဖြစ်ပါတယ်။
လက်ရှိ စင်ကာပူနိုင်ငံမှာ F1 ပြိုင်ကားမောင်းပြိုင်ပွဲကျင်းပလျှက်ရှိပြီး အဆိုပါပွဲကိုစီစဉ်တဲ့ အဖွဲ့အစည်းက လာရောက်သရုပ်ပြရန် ဖိတ်ခေါ်ခဲ့တဲ့အတွက် ပျံသန်းပြသခဲ့တာဖြစ်ပါတယ်။
ဒီလိုစကိတ်ဘုတ်မျိုးသာရှိရင်တော့ လိုရာခရီးကို ကားလမ်းပိတ်တဲ့ ဒုက္ခမရှိပဲ အမြန်ဆုံးရောက်နိုင်တယ်လို့ ဗီဒီယိုတင်ခဲ့သူတစ်ဦးက အွန်လိုင်းပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။