မြန်မာမလေးကို လွမ်းနေမိတဲ့အကြောင်း ထုတ်ပြောလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်
02 Oct 2018 2,183 Views

အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် အနုပညာဂီတလောကမှာသာမက သရုပ်ဆောင်နယ်ပယ်မှာပါ အောင်မြင်မှုများစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး မိန်းကလေးပရိသတ်များစွာရဲ့ အသဲနှလုံးကို ကိုင်လှုပ်ထားနိုင်သူတစ်ယောက်လဲဖြစ်ပါတယ်။ သီချင်းကောင်းများစွာကို ကိုယ်တိုင်ဖန်တီးသီဆိုကာ ပရိသတ်တွေရဲ့ရင်ထဲကိုအရောက်ပို့ပေးကာ ဆယ်စုနှစ်ကျော်တိုင် အောင်မြင်မှုသရဖူကို စွတ်ခူးထားနိုင်တဲ့ စိုင်းစိုင်းကတော့ အသက် ၃၉ နှစ်ကျော်သွားပြီဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင်ကို နုပျိုလန်းဆန်းနေချက်ကတော့ လူငယ်တွေတောင် အရှုံးပေးရလောက်အောင်ပါပဲနော်....
ပရိသတ်တွေက ချစ်စနိုးနဲ့ ဘစိုင်းလို့ခေါ်ကြတဲ့ စိုင်းစိုင်းတစ်ယောက်ကတော့ လက်ရှိမှာ ဂျပန်နိုင်ငံကိုရောက်ရှိလို့နေပါတယ်။ ASEAN JAPAN Music Festival ဖျော်ဖြေပွဲအတွက် တိုကျိုမြို့ကိုရောက်ရှိနေခြင်းဖြစ်ကာ ဂျပန်နိုင်ငံမှာ လည်ပတ်နေတဲ့ စိုင်းစိုင်းတစ်ယောက် ဂျပန်မလေးတွေလှပမေယ့်လဲ အမိမြေက မြန်မာမလေးကိုလွမ်းနေမိတဲ့အကြောင်းကို သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရင်ဖွင့်ရေးသားလာပါတယ်။
“လူဆိုးဟာ တစ်ညလုံးမအိပ်ရသေးဘဲ တစ်နေကုန်လျှောက်သွားနေပါတယ်.... ဂျပန်မလေးတွေ သိပ်လှပေမယ့် မြန်မာမလေးကို လွမ်းနေပါသတဲ့” ဆိုကာ လွမ်းချင်းညည်း ရေးသားထားတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ တစ်ယောက်တည်းကိုညွှန်းဆိုထားတဲ့ စိုင်းစိုင်းလွမ်းနေရတဲ့ မြန်မာမလေးက ဘယ်သူဖြစ်မလဲဆိုတာကိုတော့ စိတ်ဝင်စားနေကြပါတယ်။
ဒါ့အပြင် ယခုတလော လူပျိုကြီးဂုဏ်ကိုထိန်းသိမ်းထားတဲ့ စိုင်းစိုင်းတစ်ယောက် လွမ်းနေရတဲ့အကြောင်းတွေ၊ အသဲကွဲအကြောင်းတွေကိုလည်း သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားလာတာတွေကိုတွေ့ရပါတယ်။ အိမ်ထောင်ပြုချင်ပေမယ့် လောလောဆယ်အစီအစဉ်မရှိသေးပါဘူး စိုင်းစိုင်းကို ဘယ်တော့လူပျိုကြီးဘ၀ကို စွန့်လွှတ်မလဲဆိုတာကိုလဲ ပရိသတ်တိုင်းက စိတ်ဝင်တစားစောင့်ကြည့်လို့နေကြပါတယ်။