သရုပ်ဆောင်မင်းသွေး ဘာကြောင့်ရုတ်တရက်ကွယ်လွန်ခဲ့ရသလဲ
04 Oct 2018 2,076 Views

အကယ်ဒမီများရှင် ဝါရင့်ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုးရဲ့ ချစ်လှစွာသော ညီငယ်လေး သရုပ်ဆောင်မင်းသွေး ရုတ်တရက်ကွယ်လွန်ခဲ့သည့် သတင်းက နာရေးဖိတ်စာ ဖတ်ရှုနေကြရသည့်တိုင် ပရိသတ်တွေကြားမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် အံ့သြကြေကွဲဝမ်းနည်းနေကြဆဲ ဖြစ်ပါတယ်။

မင်းသွေးဟာ အနုပညာနဲ့ပက်သက်လာရင် သရုပ်ဆောင် အလုပ်တစ်ခုတည်းကိုသာ ခုံမင်သည်မဟုတ်၊ သီချင်းဆိုတဲ့ ဂီတဘက်မှာလည်း ဝါသနာကြီးသလို အားကစားဘက်မှာတော့ ဘောလုံးကစားခြင်းကို ရှုးသွပ်ခုံမင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းများမှာလည်း အားတက်သရော ပါဝင်လှုပ်ရှားတတ်သူဖြစ်ပြီး ရံပုံငွေဖျော်ဖြေပွဲများတွင်လည်း ကျရာနေရာက တာဝန်ကျေကျေ ထမ်းဆောင်တတ်တဲ့ အနုပညာငွေကြယ်တစ်ပွင့်လည်း ဖြစ်ပါတယ်။

သူကွယ်လွန်ခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းထိ စင်ကာပူနိုင်ငံမှာ ရှိနေခဲ့ပြီး သူ့ရဲ့ လူမှုကွန်ယက် "Min Thway" အကောင့်မှာ ဓါတ်ပုံတွေလည်း တင်ထားခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါနေ့ ည ၁၁ နာရီခွဲမှာ ဆုံးပါးသွားပြီဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပြီး ဘယ်သူကမှ မယုံကြည်ကြပဲ မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေခဲ့ကြပါတယ်။

ဒါပေမယ့် ပရိသတ်တွေ ဆုတောင်းမပြည့်ခဲ့ပဲ မင်းသွေးရဲ့ နာရေးဖိတ်စာက မျက်စိရှေ့မှောက်ရောက်လာခဲ့ပြန်ပါတယ်။ "Min Thway" အကောင့်ရဲ့ ကွန်မန့်တစ်ခုမှာတော့ ဘောလုံးကန်ရင်း ရုတ်တရက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပက်သက်လို့ ဖြစ်နိုင်ချေကို သဘာဝကျကျ ပြန်လည်ရှင်းပြထားတာကို အောက်ပါအတိုင်း တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်အတိုင်း ဟုတ်မဟုတ်ကိုတော့ အတိအကျ မသိရှိရပါ။
"စင်ကာပူကပြန်လာတယ်၊ ဘောလုံးကန်တယ်၊ ရုတ်တရက်အမောဖောက်ဆုံးတယ်၊ ဖြစ်နိုင်ခြေအများဆုံးက Massive Pulmonary Embolism ဆိုတဲ့တစ်ခုများလားစဉ်းစားမိတယ်၊ လေယာဉ်ကြာကြာစီးတဲ့အခါ အခန့်မသင့်ရင် ခြေထောက်သွေးပြန်ကြော deep vein မှာသွေးခဲ clots ဖြစ်တတ်ပါတယ်။ Deep vein thrombosis ခေါ်တာပေါ့။
သွေးခဲကဘယ်လိုမှမခံစားရသလို မသိသာဘူး၊ ခြေထောက်နည်းနည်း ယောင်ချင်ယောင်မယ်၊ သွေးခဲကပြုတ်မထွက်ရင် ကံကောင်းပေမယ့် ဘောလုံးကစားလိုက်တော့ ရုတ်တရက်ပြုတ်ထွက်ပြီး အဓိက အဆုတ်သွေးလွှတ်ကြောမကြီး main pulmonary artery မှာ သွားပိတ်တဲ့အခါ ရုတ်တရက်အမောဖောက်သေဆုံးတတ်ပါတယ်၊ ဖြစ်တောင့်ဖြစ်ခဲပါပဲ .. Rest in peace"
ပါလို့ ဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။

သရုပ်ဆောင် မင်းသွေး ဟာ ကွယ်လွန်ချိန်မှာ အသက် ၃၃ နှစ်သာရှိသေးပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ "သတ်ကွင်း" ရုပ်ရှင်ဇာတ်ကားဟာ မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး သူ့ဖေ့စ်ဘွခ်စာမျက်နှာလည်း အဆိုပါ ရုပ်ရှင်ကားပိုစတာနဲ့ ချယ်မှုန်းထားပါတယ်။
.png)
အနုပညာငွေကြယ်ပွင့် ကိုမင်းသွေး ကြေလွင့်ခဲ့ရတဲ့အတွက် မိသားစုဝင်အားလုံးများနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း "ပိုပိုလေး" မှ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတယ်။ ကိုမင်းသွေး ကောင်းရာသုဂတိလားပါစေ။