BEC-TERO TV

မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေသလဲ?

07 Oct 2018     1,569 Views


နေ့တစ်နေ့ရဲ့ အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံး အတွက် အရေးကြီးဆုံး အစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စားသင့်ကြောင်း မကြာခဏ ကြားဖူး ကြမှာပါ။
 
ဒါပေမဲ့ အပြိုင်အဆိုင် များတဲ့ မျက်မှောက် ခေတ်ကြီးမှာ နောက်ကောက်ကျ မကျန်ခဲ့ဖို့ အတွက် အများစုက အလုပ် လောဘကြီး နေတတ် ကြပါတယ်။
မနက်မနက် အလုပ်ချိန် မှီအောင်၊ ကျောင်းချိန်မှီအောင် လုံးပန်း နေရတာနဲ့ မနက်စာ စားဖို့ အချိန် မပေးနိုင်ဘူး ဖြစ်နေပါတယ်။ ထမင်းစားပွဲမှာ ထိုင်ခုံနဲ့ အကျအန ထိုင်ပြီး အေးဆေး စားဖို့ နေနေသာသာ ကော်ဖီ တစ်ခွက် ကိုတောင် အပြင်ထွက် ခါနီးမှ အမြန်မျိုချ နေရတဲ့ အလုပ်များသူ တွေမှ အများကြီးပဲ။ တကယ်ဆို မနက်စာက ကျန်းမာရေး အတွက် အရေးကြီးဆုံး အစာပါ။

ဒီစကား အပ်ကြောင်း ထပ်အောင် ကြားနေရပေမယ့် ဒါအမှန်တရားပါ။ တစ်ညတာလုံးမှာ ဘာမှမစားဘဲ အိပ်နေတာကြောင့် ဟာနေတဲ့ အစာအိမ် အတွက် အိပ်ရာနိုးချိန်မှာစားတဲ့ မနက်စာက အရေးကြီးပါတယ်။ မနက်စာဆိုတဲ့ အင်္ဂလိပ်စာလုံး Break fastရဲ့ အဓိပ္ပာယ် ကလည်း ဥပုသ် (fast)ကို ဖြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
 
မနက်တိုင်း မနက်စာ ပုံမှန် စားနေသူ တွေဟာ မစားသူတွေထက် ပိုပြီး ကျန်းမာ နေကြောင်းကို လေ့လာချက် မြောက်မြားစွာ အရ တွေ့ရှိ ရပါတယ်။ မနက်စာကနေ ရရှိတဲ့ အကျိုးထူး တွေကတော့ အားအင်တွေ ပြည့်ဝ နေခြင်းနဲ့ တစ်နေ့တာလုံး အာရုံစူးစိုက်မှု ကောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ကြားရာမှာ ပိုစိတ်ဝင် စားပြီး စာတွေ ပိုမှတ်မိလွယ် စေပါတယ်။

ဒါ့အပြင် ရောဂါဘယ တွေမှလည်း ကာကွယ် ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသူတွေ အနေနဲ့လည်း မနက်စာ စားသင့်ပါတယ်။ တချို့က ဝိတ်လျှော့ချင်လို့ မနက်စာကို လျှော့စားတတ်ကြပါတယ်။ ဒါပေမဲ့ မနက်စာကို လျှော့စားခြင်းက မပိန်စေတဲ့အပြင် ပိုလို့တောင် ဝလာစေ နိုင်ပါတယ်။ လေ့လာချက်တွေအရ မနက်စာ မစားသူတွေက အဝလွန်ခြင်း ဖြစ်နိုင်ခြေ ပိုများတာ တွေ့ရပါတယ်။
 
ဒါဟာ ဘာကြောင့်လဲ ဆိုတော့ မနက်စာကို မစားဘဲ နေလိုက်ခြင်းဟာ နောက်ပိုင်းစားတဲ့ နေ့လယ်စာတွေ၊ ညစာတွေကို အဝအပြဲ စားလိုစိတ် ဖြစ်ပေါ် စေလို့ပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ Fast Food တွေ ကိုလည်း ပိုစား မိတတ်ပါတယ်။ ဒါကြောင့် မနက်စာမစားသူတွေဟာ စားသူတွေထက် စာရင် ဆီးချိုရောဂါ၊ နှလုံးသွေးကြော ကျဉ်း ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။
 
မနက်စာမှာ စားလေ့ရှိတဲ့ ကောက်နှံတွေပါတဲ့ ပေါင်မုန့်တွေ၊ Cereal တွေကလည်း ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ Antioxidant သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါရှိတာကြောင့် အဲဒီမနက်စာတွေကို ပုံမှန်စားပေးခြင်းဖြင့် အသက်ရှည် ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ မနက်စာကို မနက်တိုင်း အချိန်ပေးပြီး စားပေး သင့်ပါတယ်။
 

07 Oct 2018     1,569 Views




RELATED

Most Popular of Special or Others

Most Popular of Life Style